ထိုင်းနိုင်ငံက ဆန္ဒပြသူများ

ဘန်ကောက်၊ ဇွန် ၁၇

ဝန်ကြီးချုပ်နဲ့ အဓိက အတိုက်အခံပါတီတို့ရဲ့ ကံကြမ္မာ မရေရာဖြစ်စေနိုင်တဲ့ ထိုင်းတရားရုံးတွေက အမှု လေးမှုကြောင့် နိုင်ငံရေးပြဿနာနဲ့ ရင်ဆိုင်ရနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။

ထိုင်းနိုင်ငံရေးမှာ သြဇာအကြီးမားဆုံးဖြစ်တဲ့ ဝန်ကြီးချုပ် ဆရီသာ သာဗီဆင်၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာ ဝါထရာ၊ လူကြိုက်များတဲ့ အတိုက်အခံ Move Forward ပါတီနဲ့ အထက်လွှတ်တော် အမတ်တွေ ပါဝင်တဲ့ အမှုလေးမှုကို ထိုင်းတရားရုံးတွေက အခုသီတင်းပတ်အတွင်း ကြာနာစစ်ဆေးဖို့ ရှိနေပါတယ်။

ထိုင်းနိုင်ငံရေးဟာ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် စစ်တပ်က ထောက်ခံတဲ့ ရှေးရိုးစွဲ ဘုရင့်နန်းတော် သစ္စာခံ အင်အားစုတွေ၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ Move Forward ပါတီ ထောက်ခံနေတဲ့ ပါတီတွေကြား အာဏာလွန်ဆွဲမှုကြောင့် ပုံသွင်းခံခဲ့ရတာ ဖြစ်ပါတယ်။

အခု ကြားနာသွားမယ့် အမှုတွေဟာ ထိုင်းနိုင်ငံရေးရဲ့ ရှုပ်ထွေးမှုနဲ့ ပြိုကွဲလွယ်မှုကို ဖော်ပြနေတယ်လို့ နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။

စီးပွားရေးဘက်က ကြည့်ရင် အနှောင့်အယှက် ဖြစ်စေတဲ့ ဆန္ဒပြပွဲတွေ၊ဘဏ္ဍာရေးမူဝါဒ အကောင်းအထည်ဖော်ရေး ကြန့်ကြာမှုတွေ ဖြစ်လာနိုင်တဲ့အတွက် နိုင်ငံရေးဆိုင်ရာ စိုးရိမ်မှုတွေ ရှိနှင့်နေပြီးလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက အာဏာရလာခဲ့တဲ့ နိုင်ငံရေး လူသစ်တန်းမှ ဝန်ကြီးချုပ် ဆရီသာဟာ ဝန်ကြီးများအဖွဲ့ထဲမှာ ဝန်ကြီး တစ်ယောက်ကို ခန့်အပ်ပြီး ဖွဲ့စည်းပုံကို ချိုးဖောက်ထားတယ်လို့ စစ်တပ် ထောက်ခံတဲ့ ဘုရင့်နန်းတော် သစ္စာခံတွေက စွပ်စွဲထားပါတယ်။

ဝန်ကြီးချုပ် ဆရီသာက အမှားအယွင်း တစ်စုံတစ်ရာ မလုပ်ထားဘူးလို့ ဆိုပေမယ့် သူ့ရဲ့ ရာထူး တည်မြဲမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေပါတယ်။

၂၀၀၆ ခုနှစ်က စစ်အာဏာသိမ်းမှုအတွင်း ဖြုတ်ချခံခဲ့ရတဲ့ နိုင်ငံရေး သြဇာကြီးမားသူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဘုရင့်နန်းတော်ကို စော်ကားမှုဆိုင်ရာ စွဲချက်နဲ့ အမှုရင်ဆိုင်နေရပါတယ်။

ထိုင်းနိုင်ငံရဲ့ ဘုရင့်နန်းတော် စော်ကားမှုဆိုင်ရာ ဥပဒေအရ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

Move Forward ပါတီကတော့ ရွေးကောက်ပွဲ မဲဆွယ်ချိန်က ဘုရင့်နန်းတော် စော်ကားမှုဆိုင်ရာ ဥပဒေကို ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့တာကြောင့် ဖွဲ့စည်းပုံကို ချိုးဖောက်တာ ဖြစ်တယ်ဆိုပြီး စွဲချက်တင်ခံထားရပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အောက်လွှတ်တော်မှာ အမတ်နေရာ ၃၀ ကျော် ရှိတဲ့ Move Forward ပါတီ ဖျက်သိမ်းခံရရင် ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ဖြစ်လာနိုင်ပါတယ်။

အထက် လွှတ်တော်အမတ် အချို့ ရွေးချယ်မှုနဲ့ ပတ်သက်ပြီးတော့လည်း ဖွဲ့စည်းပုံတရားရုံးက ဇွန် ၁၈ ရက်နေ့မှာ အမိန့်ချမှတ်ဖို့ ရှိနေပြီး သူတို့ရဲ့ အနာဂတ် မရေမရာဖြစ်နေပါတယ်။

တကယ်လို့ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ ထိုင်းမှာ ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားလာပြီး နိုင်ငံရေးပြဿနာ ပေါ်လာရင် စီးပွားရေး အကြီးအကျယ် ထိခိုက်လာနိုင်တယ်လို့ဆိုပါတယ်။

Ref:VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.