ကျိုက်မရော ၊ ဇွန် ၁၆

တိုက်ပွဲကြောင့် ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရတဲ့ မွန်နဲ့ကရင်အစပ် ဂျိုင်းမြစ်ဝှမ်းက ဒေသခံပြည်သူတချို့ နေရပ် ပြန်လာကြပေမယ့် စစ်လက်နက်အကြွင်းကျန် အန္တရာယ်နဲ့ နေအိမ်မီးလောင်ပျက်စီးမှုကြောင့် နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေကြရပါတယ်။

ဂျိုင်းမြစ်ဝှမ်းဒေသက ကော့ဘိန်းအပါအဝင် ဓမ္မသ၊သံကလောင်နဲ့တရနာ စတဲ့ကျေးရွာတွေမှာ ဧပြီ လကုန်ပိုင်းကတည်းက နှစ်ဖက်ပစ်ခတ်သံတွေ တိတ်ဆိတ်သွားခဲ့ပြီး စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီကျေးရွာတွေအတွင်း မပေါက်ကွဲသေးတဲ့ စစ်လက်နက်အကြွင်းကျန်ပစ္စည်းတွေကတော့ ရွာအတွင်းရှိ လူနေအိမ်ခြံဝင်းနဲ့ ရွာအနီးအနားက လယ်ကွင်းပြင်တွေမှာ ကျန်ရစ်ခဲ့တာ ရှိတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တရနာဒေသခံတစ်ဦးကတော့ ရွာအနီးဝန်းကျင်ရှိ လယ်ကွင်းမှာ ကျန်ရှိနေတဲ့ စစ်လက်နက်အကြွင်းကျန်တွေကို စစ်ကောင်စီတပ်က လာရောက်မသိမ်းပေးတဲ့အတွက် ဒေသခံတွေ လယ်မစိုက်ရဲဘူးလို့ ဆိုပါတယ်။

“ကျောင်းအရှေ့မှာလား ကြားထားတာရှိတယ်။ သူတို့ကိုခေါ်ပြီး သိမ်းပေးဖို့ ပြောပေမယ့် သူတို့ဥစ္စာမဟုတ် သူမသိမ်းဘူးပြောတာ။ အဲဒါကြောင့် ကလေးတွေ ရေတွေဘာတွေကစား၊ ဘောလုံးတွေကန်ပြီး ကောက်ရတယ်။ (ဒေသခံအဆိုအရ မပေါက်ကွဲသေးတဲ့ ဗုံးသီး) လေး၊ငါးလုံးလောက်ရှိတယ်။ အဲဒီလိုရှိနေတော့ တချို့က လယ်တွေမစိုက်ရဲတော့ဘူး။ ထိသွားရင်ပေါက်ကွဲမှာ သူတို့စိုးရိမ်နေပြီ၊ စပါးတွေမစိုက်တော့ဘူး”လို့ ပြောပါတယ်။

ဒါပေမယ့် အရပ်သားနေအိမ်ခြံဝင်းတချို့မှာ ကျန်ရှိနေတဲ့ စစ်လက်နက်အကြွင်းကျန်ပစ္စည်းတွေကိုတော့ လာရောက်ရှင်းလင်းပေးဖို့ စစ်ကောင်စီဘက်ကို အကြောင်းကြားရင် သိမ်းဆည်းပေးတယ်လို့ အဲဒီဒေသခံက ဖြည့်ပြောပါတယ်။

နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဓမ္မသကျေးရွာမှာလည်း အရပ်သားနေအိမ်တချို့မှာ စစ်လက်နက်အကြွင်းကျန်ပစ္စည်းတွေ ကျန်ရှိနေတဲ့အတွက် အန္တရာယ်ဖြစ်လာမှာကို စိုးရိမ်နေကြရပြီး ဘယ်လိုရှင်းလင်းရမယ်ဆိုတာ မသိသေးဘူးလို့ ဓမ္မသရွာခံတစ်ဦးက ပြောပါတယ်။

တစ်ဘက်မှာ နေစရာအိမ်မရှိဘဲ နေရပ်ပြန်လာကြတဲ့ ဒေသခံပြည်သူတွေဟာ အဆင်ပြေသလို နေ ထိုင်ကြရပြီး ပြည်နယ်စစ်ကောင်စီဘက်က ဒေသခံတွေ နေထိုင်ရေးအတွက် ညွန်ကြားထားပေမယ့် အကောင်အထည်ဖော်ဖို့ မရှိသေးဘူးလို့ အဲဒီဒေသခံက ပြောပါတယ်။

“အခုလက်ရှိတော့ တဲအိမ်တွေ သေသေချာချာဆောက်ဖို့ မရှိသေးဘူး။ အိမ်မရှိတဲ့သူက ပြန်တော့ အမျိုးအိမ်တွေမှာ နေနေကြတယ်။ ပြီးတော့တခြားဆို သူတို့အိမ်က နည်းနည်းပါးပါး မီး‌လောင်ခဲ့ရတဲ့ တိုက်အိမ်တွေက ကျန်တဲ့ဟာတွေကိုကာပြီး တဲအိမ်ပုံစံမျိုးတစ်အိမ်၊ နှစ်အိမ်လောက်ရှိတယ်။ (ပြည်နယ်စစ်ကောင်စီဘက်) ကြားတာက ကူညီဖို့ရှိပါတယ်။ အိမ်ဆောက်ဖို့ သွပ်ပြားတွေ၊ ဘိလပ် မြေတွေ အဲဒါတွေကို ကြားတာပေါ့။ အခုလက်ရှိတော့ အဲဒါတွေကူညီဖို့ ရွာထဲကို လက်ခံဖို့မရှိသေးဘူး”လို့ ဆိုပါတယ်။

မတ် ၂၄ ရက်နေ့ကစတင်ခဲ့တဲ့ ဂျိုင်းမြစ်ဝှမ်းဒေသက လက်နက်ကိုင်တိုက်ပွဲဟာ မွန်ဒေသမှာ ကြုံ တွေ့ခံစားခဲ့ရတဲ့ စစ်ဒဏ်တွေထဲမှာ အပြင်းထန်ဆုံး စစ်ဒဏ်သင့်မှုကြောင့် အိမ်ခြေ ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရကာ အရပ်သားပြည်သူ ငါးသောင်းနီးပါး စစ်ဘေးသင့်ခဲ့ရတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဓမ္မသကျေးရွာနဲ့ ကော့ဘိန်းကျေးရွာတွေကို ပြီးခဲ့တဲ့ ဧပြီနောက်ဆုံးပတ်မှာ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တဲ့အတွက် စစ်ဘေးသင့်ပြည်သူတွေ နေရပ်ပြန်လာဖို့ တိုက်တွန်းခဲ့တာပါ။

အဲဒီနောက်ပိုင်း ဇွန်လဆန်းမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်လာနေတဲ့အတွက် ဂျိုင်းမြစ်ဝှမ်းက ဒေသခံတချို့ဟာ ကလေးတွေရဲ့ ပညာရေးနဲ့ နေအိမ်စောင့် ရှောက်ဖို့ နေရပ်ပြန်လာကြတာ ဖြစ်ပါတယ်။

ဓမ္မသရွာခံတစ်ဦးကတော့ နေရပ်ပြန်လာကြသူတွေဟာ နေရပ်မှာအပြီးနေထိုင်ဖို့ ပြင်ဆင်ထားတာမဟုတ်ဘဲ နေအိမ်စောင့်ရှောက်ဖို့နဲ့ ကလေးတွေကျောင်းသွားဖို့ ဖြစ်ပြီး ရွာထဲ ကျောင်းတက်သူတွေလည်း မများဘူးလို့ ပြောပါတယ်။

“ကျောင်းတော့ဖွင့်နေပြီ။ ဓမ္မသရွာကကျောင်းက အမကကျောင်းနဲ့ အထကကျောင်းခွဲပေါ့။ အခုပြန်သွားတဲ့သူလည်း သေသေချာချာ အပြီးနေဖို့ ပြင်ဆင်ထားတာမရှိဘူး။ အိမ်ရှိတဲ့သူက အိမ်ကိုစောင့်‌ရှောက်ဖို့ ပြီးတော့ သူတို့ကလေးတွေ ကျောင်းသွားဖို့နေတာရှိတယ်။ ပြီးတော့ ကျောင်းသူ၊ ကျောင်းသားတွေက များ‌တော့မများဘူး။ ကြည့်ရတာ အထကကျောင်းက အယောက် ၅၀/၆၀ လောက်ပဲရှိမယ်။ အမကကျောင်းက ကလေးတွေက အများစုမြို့ ပေါ်မှာပဲနေကြတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ဂျိုင်းမြစ်ဝှမ်းဒေသကို ပြန်လည်ထိန်းချုပ်ထားနိုင်ပေမယ့် တော်လှန်ရေးမဟာ မိတ်တပ်တွေ ထပ်မံဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာမှာစိုးတဲ့အတွက် ဘုန်းကြီး ကျောင်းအပါအဝင် ကျေးရွာတွင်းနဲ့ လူနေအိမ်တွေမှာ ဆက်လက်တပ်စွဲထားတာပါ။

ဒါ့အပြင် ရမ္မာဝတီကားလမ်းတစ်လျှောက်ရှိ ကော့သပ်၊ ကော့စွယ်၊ တရနာ၊ သံကလောင်၊ ဓမ္မသ၊ကော့ဘိန်းစတဲ့ ရွာအဝင်အထွက်တွေမှာလည်း လုံခြုံရေးအကြောင်းပြချက်နဲ့ နေရပ်ပြန်လာသူတွေကို စစ်ဆေးမေးမြန်းမှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.