လောင်းလုံး၊ ဇွန် ၁၄

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးခေါင်းဆောင် နေအိမ် ဝင်ရောက်စီးနင်းမှုမှာ ကားတစ်စီးနဲ့ သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့သလို နှစ်ဖက်တိုက်ပွဲအတွင်း ပျူစောထီးအဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က ကျောက်နီမော်ကျေးရွာမှာ ကင်းလှည့်သွားလာနေတဲ့ ပျူစောထီးအဖွဲ့အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက အသင့်စောင့်ဆိုင်းပြီး ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ပျူစောထီးခေါင်းဆောင်အဖွဲ့ဟာ ထွက်ပြေးလွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် ကျန်ရှိနေတဲ့ ပျူစောထီးခေါင်းဆောင် နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာ ကားတစ်စီး၊ ပစ္စတိုသေနတ်တစ်လက်၊ ဖုန်းနှစ်လုံးနဲ့ ပိုက်ဆံအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီဖြစ်စဉ်မတိုင်မီ ကျေးရွာအတွင်း လှည့်လည်သွားလာနေတဲ့ ပျူစောထီးတွေကို အသင့်စောင့်ဆိုင်းနေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် ပျူစောထီးနှစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ညနေ ၃ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်သားအချို့နဲ့ ပျူစောထီးမိသားစုဝင်တွေကို ခေါ်ဆောင်ကာ ငါးဖမ်းစက်လှေဖြင့် ထားဝယ်ဘက်သို့ ဦးတည် ထွက်ပြေးခဲ့ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမှ လိုက်လံပစ်ခတ်ခဲ့တာပါ။

အချိန် ၂ နာရီနီးပါးအကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပျူစောထီးတစ်ဦး သေဆုံးခဲ့တဲ့အပြင် စက်လှေမောင်းတဲ့ ပျူစောထီးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ခဲ့ပြီး သေဆုံးနိုင်တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ ကျောက်နီမော်ကျေးရွာဟာ ပျူစောထီးအားကောင်းတဲ့ ကျေးရွာတစ်ရွာဖြစ်တဲ့အပြင် ပျူစောထီးစခန်းအထိုင်ချထားတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးတွေဟာ ကျေးရွာအတွင်း ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်နေတဲ့အပြင် ကင်းလှည့်တာတွေကိုပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို လောင်းလုံး (ပကဖ)မှ စနိုက်ပါတပ်ဖွဲ့၊ ဒရုန်းတပ်ဖွဲ့၊ လိပ်ပြတပ်စု၊ တောသားလေးတပ်စု၊ ဂဠုန်တပ်စုနဲ့ ထားဝယ်ခရိုင်တပ်ရင်း (၁) T1 တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့ကလည်း ကျောက်နီမော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူပေါင်းစခန်း စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – LLPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.