ပေါင်၊ ဇွန် ၁၄

မွန်ပြည်နယ် ပေါင်မြို့နယ် ထန်းပင်ချောင်လေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချစ်ဝင်းဟာ ဒီနေ့ ဇွန် ၁၄ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အသက် ၆၅ နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်ဝင်း နေအိမ်မှာ ရှိနေစဉ် အမည်မသိ သေနတ်သမားနှစ်ဦး ဆိုင်ကယ်တစ်စီးနဲ့ ရောက်ရှိလာပြီးနောက် သေနတ်နဲ့ပစ်သတ်သွားခဲ့တာပါ။

“ရွာကလူပုံစံနဲ့အိမ်ထဲဝင်လာပြီး ပစ်သတ်သွားတာ။ ပြီးတော့ဆိုင်ကယ်နဲ့ပြန်ထွက်သွားတယ်။ ဒီဘက်မှာက သေနတ်အသံမကြားဖူးကြတော့ အိမ်နီးနားချင်းတွေရော ရွာကလူတွေလည်း လန့်ကုန်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးချစ်ဝင်းဟာ ဦးခေါင်းကျည်ဖောက်ဝင် ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဦးချစ်ဝင်းအား သေနတ်နဲ့ပစ်သတ်သွားတဲ့ သေနတ်သမားတွေဟာ ကျေးရွာအတွင်း စစ်မှုထမ်းမယ့်လူကို ထောက်ပံ့မယ့် ငွေကျပ် သိန်း ၆၀ နဲ့ သားဖြစ်သူထံကနေ နှစ်ကျပ်သား ရွှေကြိုးတစ်ကြိုး ယူဆောင်သွားတယ်လို့ ပြောဆိုတာတွေ ရှိနေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဦးချစ်ဝင်း သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် ထန်းပင်ချောင်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင် ရောက်ရှိလာပြီး အလောင်းကို ပေါင်မြို့နယ်ပြည်သူ့ဆေးရုံထံ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေကလည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဒေသခံတွေရဲ့ ပြောပြချက်အရ ထန်းပင်ချောင်လေးကျေးရွာမှာ အာဏာသိမ်းကာလအတွင်း WY စိတ်ကြွမူးယစ်ဆေးပြား ပေါများနေပြီး လောင်းကစားဝိုင်းတွေလည်း အကြီးအကျယ် ပြုလုပ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အခုနှစ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအပြင် သတင်းပေးဒလန် ၄၀ နီးပါး ပစ်ခတ်ရှင်းလင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.