မော်လမြိုင် ၊ ဇွန် ၁၅

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေမှာ အရင်ကထက် ငွေအတောင်းကြမ်းလာပြီး ကုန်ကားတစ်စီးလျှင် ကျပ်သိန်း ၃၀ ထက်မနည်း ပေးဆောင်နေရတယ်လို့ ကုန်တင်ကားမောင်းသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ်မြို့တို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်စစ်ရေးအခြေအနေတွေကြောင့် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအပါ အဝင် ဒေါနတောင်ပေါ်လမ်းဟောင်းတို့ကို လနဲ့ချီပိတ်ထားခဲ့ရတာပါ။

အာရှလမ်းမကြီးနဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းတို့ကို ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်ရေးအတွက် ကော့ကရိတ်မြို့ မြောက်ဘက်ခြမ်းမှာရှိတဲ့ ထို့ကော်ကိုးတောင်ပေါ်လမ်း၊ သေ့ကတေကြက်ဥတောင်တောင်ပေါ်လမ်း၊ ၁၀၁၈ တောင်ပေါ်လမ်းတို့မှာ သွားလာအသုံးပြုနေရပါတယ်။

အဲဒီလမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်အပါအဝင် လက်နက်ကိုင်အဖွဲ့တွေအားလုံးက စစ်ဆေးရေးဂိတ်တွေဖွင့်လှစ်ပြီး ကုန်တင်ကားတွေမှာ ငွေကြေးအဆမတန် တောင်းခံနေပြီး ပြောတဲ့အတိုင်း မပေးပါက ရန်ရှာတာတွေ ရှိနေတယ်လို့ ကုန်တင်ကားမောင်းသူတွေထံကနေ သိရပါတယ်။

ကုန်တင်ကားမောင်း တစ်ဦးကတော့ အခုနောက်ပိုင်းကာလတွေအတွင်း ထိုင်းကုန်ပစ္စည်း သယ် ဆောင်ရာမှာ အဆင်းတစ်ကြောင်းထဲကို ဂိတ်ကြေးအဖြစ် ကျပ်သိန်း ၃၀ လောက် ကုန်ကျသလို ကုန်ပစ္စည်းစရိတ်ထက် ဂိတ်ကြေးပိုများလာတယ်လို့ ပြောပြပါတယ်။

“အခုကျွန်တော်တို့ ၆ ဘီး တစ်စီးကို သိန်း ၂၀ သိန်း ၃၀ လောက် ကုန်တယ်။ အဆင်းတစ်ကြောင်းထဲကို၊ ကျွန်တော်တို့ ကားတစ်စီးကို သိန်း ၅၀ လောက်ထွက်မှ ဒီမှာလမ်းကြေးက ၃၀ အကျော်လောက်ကုန်တယ်။ ၂၁ ပေတစ်စီးကို ဒီဂိတ်ကြေးတွေက ကိုယ်တင်လာတဲ့ ဝန်ဆောင်မှုအားထက်ကို ပိုများတယ်။ အခုက တောင်းနေတာ။ အဲဒီအလယ်ဗိုလ်တဲတစ်ဖြတ် လက်မှတ်တစ်ခုဖြတ်တာ ကားကြီးက ၈ သိန်း ပေးရတယ်။ သူတို့က တောင်းချင်သလို တောင်းနေတယ်။ အဲဒီလိုမျိုး ဖြစ်နေတယ်”လို့ ဆိုပါတယ်။

နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွေမှာ မလိုလားတဲ့ ငွေကြေးကောက်ခံမှုတွေကို သက်ဆိုင်ရာအစိုး ရအဖွဲ့ အပါအဝင် ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ အထူးကြပ်မတ်ကြဖို့ စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ သတိထားပေမယ့် ငွေကြေးတောင်းခံမှု ပိုဆိုးလာတာ ဖြစ်ပါတယ်။

ကုန်တင်ကားမောင်းသူ နောက်တစ်ဦးကလည်း ထိုင်းကုန်ပစ္စည်းသယ်ဆောင်ရာ လမ်းကြောင်းတလျှောက် ဂိတ်ကြေးတောင်းခံတာတွေ ဆိုးလွန်းနေသလို ဂိတ်ကြေးများပြီး ကုန်ဈေးနှုန်းတက်လာတာကြောင့် ပြည်သူလူထုစားဝတ်နေရေးအတွက် စဉ်စားစေချင်တယ်လို့ ပြောပါတယ်။

“အဓိကကလမ်းကြောင်းပါပဲ။ အဓိကလမ်းကြောင်းဆိုတာက ရှင်းရှင်းပြောရရင်တော့ဗျာ တောင်းတာပြုတာတွေက ဆိုးလွန်းနေတယ်ဗျာ။ အဲဒီလိုကြောင့်မို့ပေါ့။ သူတို့ကလုံခြုံရေးဆိုတဲ့ဟာကို ဗန်း ပြပြီးတော့ အဲဒီလိုတွေကောက်တော့ ကုန်ဈေးနှုန်းတွေက တက်တာပေါ့။ တော်ယုံတန်ယုံကတော့ ပြည်သူလူထုတွေ စားဝတ်နေရေးအတွက်ပေါ့နော်။ ဘယ်သူမဆိုက အခုချိန်မှာ ကျပ်တည်းနေရတယ်ဆိုတော့ နည်းနည်းလျော့ပေါ့ပြီးတော့မှ စဉ်စားစေချင်တယ်လို့ ကျွန်တော်တော့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

အခုလို ထိုင်းကုန်ပစ္စည်း သယ်ဆောင်ရာ လမ်းကြောင်းတစ်လျှောက် ဂိတ်ကြေးအဆမတန် သိန်းဆယ်နဲ့ချီ ကောက်ခံတဲ့အတွက် သယ်ယူပို့ဆောင်ရေး စရိတ်တွေ မြင့်တက်ပြီးနောက် ထိုင်းကုန် ပစ္စည်းတွေပါ ဈေးနှုန်းထပ်မံမြင့်တက်လာပါတယ်။

လက်ရှိမှာလည်း မိုးရွာသွန်းမှုကြောင့် လမ်းကြောင်းတစ်လျှောက် လမ်းပိုင်းအများစု ပျက်စီးနေပြီး မြေကျွံတာ၊ ဗွက်ထပြီး လမ်းချောတာအပြင် မိုးတအားရွာသွန်းပါက ဖြတ်သန်းလို့မရတဲ့အတွက် ထိုင်းကုန်ပစ္စည်းတွေကို ခက်ခက်ခဲခဲ သယ်ယူနေရတာပါ။

မွန်ပြည်နယ်မှာတော့ ထိုင်းကုန်ပစ္စည်းတွေဖြစ်တဲ့ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နဲ့ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းတွေအပြင် အထွေထွသုံးကုန်ပစ္စည်းတွေကိုပါ ဒေသလို အပ်ချက်အရ အဓိကမှာယူတင်သွင်းနေရတာပဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.