နေပြည်တော် ၊ ဇွန် ၁၅

နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် တပ်အင်အားပြုန်းတီးမှု အကြီးအကျယ် ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ ဇွန် ၁၄ ရက်နေ့ကစပြီး ဝါဒဖြန့်သတင်းစာတွေကနေတဆင့် ဗိုလ်လောင်းတွေကို စတင်ခေါ်ယူနေတာပါ။

ဒီနှစ်ရဲ့ ဗိုလ်လောင်းသင်တန်းအတွက် ဗိုလ်လောင်းတွေ ခေါ်ယူရာမှာ ထူးခြားမှုအနေနဲ့ အရင်က အကြီးဆုံး အသက် ၁၈ နှစ်ခွဲအထက်မကြီးဘူးလို့ သတ်မှတ်ထားပေမယ့် ဒီနှစ်မှာတော့ အသက် ၂၀ အထက်မကြီးရဆိုတဲ့ ကန့်သတ်ချက်ကို ဖြေလျော့ထားတာပါ။

ဗိုလ်လောင်းတွေ ခေါ်ယူရာမှာ ၂၀၂၄ ခုနှစ် တက္ကသိုလ်စာမေးပွဲ အောင်မြင်ထားသူတွေအနေနဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်း၊ တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်း၊ တပ်မတော် ဆေးတက္ကသိုလ်ဗိုလ်လောင်းနဲ့ တပ်မတော် ဆေးတက္ကသိုလ် အမျိုးသမီးဗိုလ်လောင်းသင်တန်းတွေအတွက် ခေါ်ယူနေပါတယ်။

ဗိုလ်လောင်းသင်တန်း တက်ရောက်လိုသူတွေအနေနဲ့ ဗိုလ်လောင်းဝင်ခွင့်လျှောက်လွှာတွေကို နီးစပ်ရာ တိုင်းစစ်ဌာနချုပ်တွေမှာ ဇွန် ၁၇ ရက်နေ့စပြီး အခမဲ့ထုတ်ယူနိုင်ကြောင်းနဲ့ လျှောက်လွှာတွေကို သြဂုတ် ၁၅ ရက်နေ့ နောက်ဆုံး ပြန်လည်ပေးပို့ရမယ်လို့ ကြေညာထားတာပါ။

CDM ဗိုလ်ကြီးလင်းထက်အောင်ကတော့ စစ်ကောင်စီတပ်ဟာ တက္ကသိုလ်ဝင်စာမေးပွဲပြီးတိုင်း ဗိုလ်လောင်းတွေကို ခေါ်ယူနေကြဖြစ်ပေမယ့် သတ်မှတ်ချက်တချို့ ပြောင်းလဲလိုက်တာဟာ သင် တန်းသား လိုအပ်ချက် မြင့်တက်နေတာကြောင့်ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒါကတော့ ၁၀ တန်း စာမေးပွဲပြီးပြီးဆိုတာနဲ့ သူတို့ခေါ်နေကြ ပုံမှန်အချိန်ကာလလိုပဲပြောရမှာပေါ့နော်။ ဒါပေမယ့် ဒီသတ်မှတ်ချက်တွေ ပြောင်းလဲလိုက်တာတော့ သူတို့ရဲ့ သင်တန်းသား လိုအပ် ချက်ကြောင့်ဆိုတာတော့ သေချာပါတယ်။ အဓိကတော့ သူတို့ရဲ့ ဒီ DSA လို နေရာမျိုးကျတော့ အခုနောက်ပိုင်းက DSA သည် ဘယ်လောက်ဆိုးရွားလဲ ဘယ်လိုဖြစ်လဲအမြင်က လူထုကြားထဲမှာ တော်တော်ဖြစ်လာပြီးပေါ့နော်။ နောက်ပြီးတော့ စစ်မှုထမ်းဥပဒေလိုမျိုး ဥစ္စာမျိုးတွေ စစ်တပ်ရဲ့ သဘောသဘာဝတွေကို ကောင်းကောင်းသိလာတဲ့ ဒီပြည်သူတွေကတော့ ပုံမှန်အနေနဲ့ ဒီလိုမျိုး ဗိုလ်လောင်းသင်တန်းတွေကို စိတ်ဝင်စားမှု လျော့နည်းလာတဲ့အချိန်မှာ သူတို့အနေနဲ့ တိုးချဲ့ပြီးတော့ သင်တန်းသား လိုအပ်ချက်ကြောင့် ခေါ်တယ်လို့ပဲ ကျွန်တော်ကတော့ မြင်ပါတယ်”လို့ ဆိုပါတယ်။

နိုင်ငံအနှံ့ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ အခုလို ဗိုလ်လောင်းသင်တန်းတွေ ခေါ်ယူနေပေမယ့် ပြည်သူတွေအနေနဲ့ စိတ်ဝင်စားမှုမရှိနိုင်သလို သတ်မှတ်သင်တန်းသား အရေအတွက် ပြည့်မီအောင်တောင် မနည်းလုပ်ဆောင်ရမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

CDM ဗိုလ်ကြီး ညီသုတကလည်း အသက်ကန့်သတ်ချက် ပြောင်းလဲထားတာဟာ အတန်းပြောင်း လဲသွားတာကြောင့်ဖြစ်နိုင်ပြီး သူတို့မှာ လိုအပ်ချက်ရှိတဲ့အတွက် အသက်ကြီးလည်းရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“အသက် ၁၇ ကတော့ အတန်းပြောင်းသွားတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်ဗျ။ ကျန်တာကတော့ ဒီသတ်မှတ်တဲ့ကာလ တိုးသွားတာကတော့ သူတို့ဆီမှာ အင်အားလိုအပ်ချက်ရှိနေတဲ့အတွက်ကြောင့် ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့လို့ သူတို့ကထပ်ပြီးတော့ အသက်ကြီးရင်လည်းရတယ် ဆိုတဲ့ပုံစံမျိုးပါ။ နောက်ပိုင်းကျလို့ရှိရင် ဘွဲ့ ရတွေကိုခေါ်တဲ့ အသက်တွေတောင်မှပဲ သူတို့ထပ်ပြီးတော့ တိုးခေါ်တာမျိုးပေါ့နော်။ ဒါမျိုးလည်း လုပ်ကောင်းလုပ်လာနိုင်ပါတယ်”လို့ ဆိုပါတယ်။

တဖက်မှာတော့ အာဏာသိမ်းမှုကာလအတွင်း နယ်မြေဆုံးရှုံးမှု များလာတဲ့ စစ်ကောင်စီတပ်ဟာ အရွယ်ရောက်ပြီးသား နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းတာ၊ စစ်မှုထမ်းဟောင်းတွေကို တပ်ထဲပြန်ခေါ်ရတဲ့အထိ တပ်အင်အားဆုတ်ယုတ်လာတာပါ။

လွတ်လပ်တဲ့သုတေသနအဖွဲ့တွေရဲ့ အချက်အလက်တွေအရ အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်မှာ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးတာ၊ တပ်ပြေးတာနဲ့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွေကြောင့် တပ်အင်အားတစ်သိန်းကျော် ဆုံးရှုံးထားရပါတယ်။

ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီဘက်က ဗိုလ်လောင်းတွေကို ခေါ်ယူနေပေမယ့် ပြည်သူတွေ စိတ်ဝင်စားမှုမရှိနိုင်ဘဲ သူတို့နဲ့ ပတ်သက်ဆက်နွယ်သူတွေလောက်သာ လျှောက်ထားနိုင်တယ်လို့ ပြောပါတယ်။

“ပြည်သူတွေကတော့ စိတ်ဝင်စားမှုမရှိဘူးဆိုတာကတော့ အထူးပြောစရာမလိုပါဘူး။ စိတ်ဝင်စားမှုမရှိပါဘူး။ ဒါပေမယ့် အခုဟာက မြန်မာပြည်မှာက စစ်တပ်နဲ့ပတ်သက်နေတဲ့ မိသားစုသူတို့အဝန်း အဝိုင်းဆိုတာလည်း ကျွန်တော်ထင်တယ်။ တစ်ပြည်လုံးမှာ သန်း ၅၀ ကျော် ၅၂ သန်း ရှိတဲ့ထဲမှာ ၅ သိန်းနဲ့ ၁ သန်းကြားထဲတော့ သူတို့ထဲမှာ ဆက်နွယ်ပြီးတော့ ရှိနိုင်သေးတာကိုဗျ။ အဲဒီထဲကတော့ ဗိုလ်လောင်းသင်တန်းကို လျှောက်မယ့်လူကတော့ တစ်စုံတစ်ရာရှိနိုင်ပါတယ်။ ဒါပေမယ့် အရင်ကထက် အများကြီးလျော့ပါး အားနည်းသွားတယ်ဆိုတာကတော့ ဒီနေ့ပြင်ဦးလွင်မှာရှိတဲ့ စစ်တက္က သိုလ်သင်တန်း အပတ်စဉ် ပုံမှန်မလုပ်နိုင်တဲ့ အခြေအနေကို ကြည့်ရင်သိနိုင်ပါတယ်”လို့ ဆိုပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာ စောင့်ကြည်ရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ တပ်အင်အားပြုန်း တီးနေတဲ့ စစ်ကောင်စီတပ်ဟာ စစ်မှုထမ်း အပတ်စဉ် ၁ နဲ့ ၂ အတွက် သင်တန်းကျောင်း ၂၁ ကျောင်းဖွင့်လှစ်ထားပြီး အပတ်စဉ်နှစ်ခုအတွက် လူငယ် ၉၀၀၀ ဝန်းကျင် တပ်သားစုဆောင်းထားတာပါ။

တော်လှန်ရေးအင်အားစုတွေကြောင့် စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေးကနေ အစချီကာ လက်ရှိအချိန်ထိ ကချင်၊ချင်း၊ရခိုင်၊ရှမ်းမြောက်၊ကရင်နီ၊ ကရင်နဲ့ စစ်ကိုင်းတို့မှာ တပ်စခန်းတွေရဲ့ စိုးမိုးနယ်မြေများစွာ လက်လွှတ်ခဲ့ရတဲ့အတွက် မြို့ ပေါင်း ၆၀ နီးပါး ဆုံးရှုံးထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.