တနင်္သာရီ၊ ဇွန် ၁၅

နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါးအထိ ရှိလာတယ်လို့ ဒေသအခြေစိုက်သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Taninthayi ထံက သိရပါတယ်။

ဇွန် ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ FE5 Taninthayi ရဲ့ အစီရင်ခံစာအရ မေလအတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၄၀၀၀ ကျော် ထပ်တိုးလာတဲ့အတွက် အရင်စစ်ဘေးဒုက္ခသည်တွေနဲ့ ပေါင်းလိုက်ရင် စစ်ဘေးဒုက္ခသည် ၅၈၃၀၀ အထိ ရှိလာခဲ့တာပါ။

စစ်ဘေးဒုက္ခသည် ၄၀၀၀ ကျော်ဟာ ပြီးခဲ့တဲ့ မေလအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး သူတို့တွေဟာ ထားဝယ်၊ ရေဖြူနဲ့ပုလောမြို့နယ်တို့က ဒေသခံပြည်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေရဲ့ စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက် ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်တယ်လို့ FE5 Taninthayi အဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရသူတွေဟာ နီးစပ်ရာတောတောင်နဲ့ ဥယျာဉ်ခြံတွေထဲ နေထိုင်နေရပြီး မိုးရာသီဖြစ်တဲ့အတွက် အမိုးအကာ၊ စားနပ်ရိက္ခာအပါအဝင် ဆေးဝါးအကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ ဆိုပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ မေလအတွင်း တနင်္သာရီတိုင်းရဲ့ သရက်ချောင်းနဲ့ ဘုတ်ပြင်းမြို့နယ်တို့က စစ်ကောင်စီတပ်စခန်းသုံးခုအထိ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ဇွန် ၁၀ ရက်နေ့ထုတ် အစီရင်ခံ စာရ ပြင်းထန်လာတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာ စစ်ရှောင်ဒုက္ခသည် ၃ သန်းကျော်အထိ စံချိန်တင်မြင့်တက်လာတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.