ကော့ဘိန်း ၊ ဇွန် ၅

နှစ်ဖက်တိုက်ပွဲကြောင့် ဘေးလွတ်ရာတိမ်းရှောင်ခဲ့ကြရတဲ့ မွန်နဲ့ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသက ဒေသခံပြည်သူတချို့ ကျောင်းဖွင့်ရာသီမှာ နေရပ်ပြန်လာပြီး ဝင်ရောက်နေထိုင်လာကြတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်နှောင်းပိုင်းနဲ့ ဧပြီလအတွင်း ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကနေ အစပြုကာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်တပ်တို့ကြား ဂျိုင်းမြစ်ဝှမ်းဒေသအတွင်း တိုက်ပွဲပြင်း ထန်ခဲ့ပြီး ဒေသခံပြည်သူ တစ်သိန်းကျော်အထိ ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရတာပါ။

အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်က ဓမ္မသကျေးရွာနဲ့ ကော့ဘိန်းကျေးရွာတွေကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တဲ့အတွက် ဧပြီနောက်ဆုံးအပတ်ကစတင်ပြီး စစ်ရှောင်ပြန်သူတွေကို နေရပ်ပြန်လာဖို့ တိုက်တွန်းခဲ့ပါတယ်။

လက်ရှိမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံပညာကျောင်းတွေ ကိုယ်ပိုင်ကျောင်းတွေ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွေ ဖွင့်လှစ်လာပြီမို့ ဂျိုင်းမြစ်ဝှမ်းက ဒေသခံတချို့ဟာ သူတို့ သား၊ သမီးတွေရဲ့ ပညာရေးအတွက် နေရပ်ပြန်လာနေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ်ရှိ ကော့ဘိန်းကျေးရွာနဲ့ အနီး အနားက ကျေးရွာတွေမှာတော့ အခြေခံပညာကျောင်းတွေ လောလောဆယ်မှာ မဖွင့်လှစ်နိုင်သေးဘူးလို့ ရွာခံတစ်ဦးက အခုလို ပြောပါတယ်။

“ရွာသားတွေ ပြန်လာတာ ၅၀ ရာခိုင်နှုန်းလောက်ရှိနေပြီ။ ဒါပေမယ့် ကျောင်းဖွင့်ဖို့ အခြေအနေမရှိဘူး။ ကျောင်းကအခြေအနေအရပေါ့။ အခုအခြေအနေနဲ့ဆို သူတို့ မဖွင့်ရဲသေးဘူး။ နောက်ပြီး ပ ညာရေးမှူးဌာနက ပြောတယ်။ အခြေအနေကာလကောင်းတဲ့အခါမှ ပေးဖွင့်ခိုင်းမယ်။ အခုဒီလိုမျိုး အခြေအနေဆိုရင် ကော့ဘိန်းတခွင် သူတို့မပေးဖွင့်သေးဘူး”လို့ သူက ဆိုပါတယ်။

တစ်ဘက်မှာ စစ်ကောင်စီက ကော့ဘိန်းကျေးရွာအတွင်းက ရပ်ကွက် ၉၊ ၁၀ နဲ့ ၁၁ တို့မှာ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ဆက်လက်နေရာယူတပ်စွဲထားတဲ့အတွက် အဲဒီရပ်ကွက်တွင်းနေ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်မလာရဲကြသေးတာ ဖြစ်ပါတယ်။

တရနာကျေးရွာမှာတော့ ဒေသခံပြည်သူ သုံးပုံ တစ်ပုံလောက်သာ နေရပ်ပြန်လာကြပြီး စစ်ကောင် စီထိန်းချုပ်ထားတဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံကာ တက်ရောက်နေကြသူတွေလည်းရှိတယ်လို့ ရွာခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်ဘက်မှာ စစ်ကောင်စီရဲ့ ကြည်း၊ရေ၊လေ တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် အလုံးပေါင်း ၃၀၀ ကျော် မီး‌လောင်ပျက်စီးခဲ့ရတဲ့ ဓမ္မသကျေးရွာမှာ နေအိမ်အကောင်းအတိုင်းကျန်နေသေးတဲ့ ဒေသခံတွေကတော့ ရွာထဲပြန်လာကြပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုက အိမ်ရှိနေတဲ့သူတွေက ပြန်တော့ ပြန်နေကြပြီ။ သူတို့ကလေးတွေ ကျောင်းနေဖို့အတွက် သူတို့အိမ်တွေ စောင့်‌ရှောက်ဖို့ ပြန်နေကြပြီပေါ့။ ကျန်နေတဲ့အိမ်ဆိုရင် အိမ်အလုံး ၅၀၀ ကျော် ၇၀၀ လောက် ရှိမယ်ထင်တယ်။ ပျက်စီးသွားတဲ့အိမ်တွေနဲ့ မီးလောင်သွားတဲ့အိမ်ကလူတွေက သူတို့က လေးတွေကို မော်လမြိုင်မြို့ ပေါ် မှာပဲကျောင်းအပ်ပြီး နေနေကြတယ်”လို့ ဆိုပါတယ်။

ဒါပေမယ့် ဓမ္မသကျေးရွာမှာ ဒေသခံပြည်သူတချို့ ပြန်လည်ဝင်ရောက်နေထိုင်ကြပေမယ့် ပုံမှန်အ နေအထားမဖြစ်သေးတာကြောင့် တချို့သော မိသားစုတွေဟာ ကျောင်းနေရွယ်ကလေးတွေကို မြို့ ပေါ်ကျောင်းတွေမှာအပ်နှံပြီး လူကြီးတွေလောက်သာ နေရပ်ပြန်လာကြတာလည်း ရှိနေတာပါ။

ကျေးရွာအတွင်း ရေ၊မီး ပြန်လည်ရရှိမှုနဲ့ နေအိမ်အဆောက်အအုံပျက်စီးမှုတွေနဲ့ ပတ်သက်ပြီး ပြန် လည်ထူထောင်ရေးတွေ လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီဘက် ပြောဆိုထားပေမယ့် လက်တွေ့ မှာတော့ ဘာမှမလုပ်ရသေးဘူးလို့ ဓမ္မသရွာခံက ဆက်ပြောပါတယ်။

တစ်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရမ္မာဝတီကားလမ်းတလျှောက်ရှိ ကော့သပ်၊ ကော့စွယ်၊ တရနာ၊ သံကလောင်၊ဓမ္မသ၊ကော့ဘိန်း စတဲ့ ကျေးရွာတွေအတွင်း တစ်နေရာမှာ တပ်ဖွဲ့ဝင် ၅ ယောက်မထက်မနည်း လုံခြုံရေးယူပြီး နေရပ်ပြန်လာသူတွေကို စစ်ဆေးမေးမြန်းမှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.