ဘန်ကောက်၊ မေ ၂၃

ပီချစ် ချူအန်ဘန်းကို ဝန်ကြီးများ အဖွဲ့မှာ ခန့်ထားဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကို ထုတ်ပယ်ရေး လျှောက်လဲထားမှု လက်ခံစဉ်းစားဖို့ သင့် မသင့် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက မေ ၂၃ ရက်နေ့မှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။

မစ္စတာ ပီချစ်နဲ့ ဝန်ကြီးချုပ်တို့ဟာ ဝန်ကြီးများဆိုင်ရာ ကျင့်ဝတ်ကို ချိုးဖောက်တယ်ဆိုပြီး လွှတ်တော်အမတ် ၄၀ ပါဝင်တဲ့ အုပ်စုက ဝန်ကြီးချုပ်အား ထုတ်ပယ်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးမှာ ဦးတိုက်လျှောက်ထားတာ ဖြစ်ပါတယ်။

မစ္စတာ ပီချစ်ဟာ ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ်ကနေ မေ ၂၁ ရက်နေ့မှာ နုတ်ထွက်ခဲ့ပြီး သူနုတ်ထွက်တာဟာ မစ္စတာ ဆရက်သာ ရာထူးနေရာ တရားဝင်မှုဆိုင်ရာ တရားဥပဒေအရရှုံးနိမ့်မှု မရှိစေဖို့ နုတ်ထွက်တာလို့ အများက ရှုမြင်ထားပါတယ်။

လွှတ်တော်အမတ်တွေရဲ့ လျှောက်လဲထားမှုကို တရားရုံးက လက်ခံ အတည်ပြုခဲ့မယ်ဆိုရင် ဆရက်သာဟာ ဝန်ကြီးချုပ်ရာထူးကနေ ဆိုင်းငံ့ခံရနိုင်တယ်လို့ ဥပဒေလေ့လာသူတွေက ပြောပါတယ်။

လွှတ်တော် အမတ် ၄၀ က လွှတ်တော်ဥက္ကဌကနေ တဆင့် သူတို့ နှစ်ဦးဟာ ဝန်ကြီးများဆိုင်ရာ ကျင့်ဝတ်ကို ချိုးဖောက်မှု ရှိ မရှိ စစ်ဆေး အတည်ပြုပေးဖို့နဲ့ ချိုးဖောက်ခဲ့ရင် ရာထူးကနေ ထုတ်ပယ်ပေးဖို့ လျှောက်ထားတာဖြစ်ပါတယ်။

တရားရုံးကလည်း သက်ဆိုင်ရာဥပဒေအတိုင်း ဆုံးဖြတ်ရမှာဖြစ်ပြီး ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားလို့ လျှောက်ထားမှုကို လက်ခံမှာလား ဒါမှမဟုတ် ဥပဒေအရ မကိုက်ညီဘူးဆိုပြီး ပယ်ချမှာလားဆိုတာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

နောက်ဆုံးဝန်ကြီးများ အဖွဲ့ ရာထူးနေရာ အပြောင်းအလဲပြုလုပ်မှုမှာ ကျင့်ဝတ်နဲ့ မကိုက်ညီမှုတွေရှိနေတယ်လို့ ထိုင်းအတိုက်အခံလွှတ်တော် အမတ်တွေက စွပ်စွဲထားပါတယ်။

လက်ထောက်ဝန်ကြီးချုပ်အဖြစ် ပူးတွဲတာဝန်ယူထားတဲ့ နိုင်ငံခြားရေး ဝန်ကြီးဟာလည်း ပူးတွဲရာထူး ဆုံးရှုံးလိုက်ရပြီးနောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ်ကပါ နုတ်ထွက်သွားခဲ့ပါတယ်။

မစ္စတာ ပီချစ်ဟာ ၂၀၀၈ ခုနှစ်က အငြင်းပွားဖွယ် မြေယာပိုင်ဆိုင်မှု တရားစွဲဆိုမှုအတွင်း ဝန်ကြီးချုပ်ဟောင်းသက်ဆင်အတွက် ရှေ့နေ လိုက်ပေးခဲ့ဖူးသူ ဖြစ်ပြီး လာဘ်ထိုးဖို့ ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ ထောင်ချခံခဲ့ရသူ ဖြစ်ပါတယ်။

မစ္စတာ ပီချစ်နဲ့ သူရဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ဟာ ဘတ် ၂ သန်း လာဘ်ထိုးဖို့ ကြိုးပမ်းမှုနဲ့ ၂၀၀၈ ခုနှစ် ဇွန် ၂၅ ရက်နေ့က ထောင်ခြောက်လ ချမှတ်ခံခဲ့ရပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.