ဝိုင်းမော် ၊ မေ ၂၃

ကချင်ပြည်နယ် စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၁၀၀ နီးပါး သိမ်းပိုက်ရရှိထားတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံမြောက်ပိုင်း ဧရိယာတစ်ခုလုံးရဲ့ တော်လှန်ရေးတပ်ဦးဖြစ်တဲ့ KIA ဟာ ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ မတ် ၇ ရက်နေ့ကစပြီး လိုင်ဇာမြို့အနီးနဲ့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

အဲဒီစစ်ဆင်ရေးအတွင်း မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ် ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၁၀၀ နီးပါးအထိ KIA ပူးပေါင်းအဖွဲ့တွေက ၂ လကျော်အတွင်း တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

လက်ရှိမှာလည်း ဝိုင်းမော်၊မံစီနဲ့ မိုးမောက်မြို့ နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်တဲ့ နယ်မြေတွေဖြစ်ပြီး ဝိုင်းမော်နဲ့ လိုင်ဇာ ကားလမ်းတစ်လျှောက်ရှိ တပ်စခန်းတွေအားလုံးကို သိမ်းပိုက်ထားပြီလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“ကချင်ပြည်နယ်ဘက်မှာကတော့ အခုလောလောဆယ် ဝိုင်းမော်မြို့နယ်၊ မံစီမြို့နယ်နဲ့ မိုးမောက်မြို့နယ်မှာ တိုက်ပွဲက ပြင်းထန်တဲ့ နယ်မြေတွေဖြစ်ပါတယ်။ ဝိုင်းမော်မြို့ နယ်ဘက်ကတော့ ဝိုင်းမော်နဲ့ လိုင်ဇာကားလမ်း တလျှောက်မှာရှိတဲ့ စကစတပ်စခန်းတွေ အကုန်လုံးသိမ်းပိုက်လို့ရပါပြီ။ မနေ့ကလည်း ည ၈ နာရီမှာ ရွှေညောင် ပင် (ခလရ) ၃၂၁ စခန်းကိုလည်း သိမ်းပိုက်နိုင်ပါပြီ။ ဒီနေ့က နယ်မြေရှင်းလင်းရေးတွေလုပ်တဲ့ အနေအထားဖြစ်ပါတယ်”လို့ ပြောပါတယ်။

KIA နဲ့ ပူးပေါင်းအဖွဲ့တွေဟာ မေ ၁၈ ရက်နေ့ကတည်းက ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာတွေအတွင်း အခြေချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရွှေညောင်ပင်ကျေးရွာက ခလရ ၃၂၁ တပ်စခန်းကို လေးရက်အတွင်း သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်မှာတော့ စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ ၅၈ နဲ့ ဝူယန်ရွာက လီဆူပြည် သူ့စစ်စခန်းနှစ်ခု ကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဟာ မြို့ပေါ်နဲ့ နီးကပ်လာနေတဲ့အတွက် ဌာနဆိုင်ရာဝန်ထမ်းတွေလည်း အထုပ်အပိုးတွေနဲ့ နေရာပြောင်းရွှေ့မှုတွေ လုပ်ဆောင်နေကြပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA အနေနဲ့ ဝိုင်းမော်မြို့ နယ်မှာ ကျန်ရှိနေသေးတဲ့ တပ်စခန်းတွေကို ဆက်လက်သိမ်းပိုက်နိုင်ရင် တစ်မြို့နယ်လုံးကို ထိန်းချုပ်လာနိုင်မှာဖြစ်ပြီး မြစ်ကြီးနားမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့လည်း ၁၂ မိုင်ကျော်သာ ကွာဝေးတာပါ။

စစ်ကောင်စီဘက်ကတော့ ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေကို အဓိကထား အသုံးပြုနေတာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပြပါတယ်။

“လက်နက်ကြီးတွေကတော့ စကစက အဓိကသုံးတာ။နောက် လေယာဉ်တွေ သုံးတာ။တိုက်ပွဲတိုင်းမှာ အဲဒါနှစ်ခုကိုတော့ အဓိကထားပြီး သုံးနေတာဖြစ်ပါတယ်။ အခုတော့ မြေပြင်တိုက်ပွဲတွေက တော့ (စကစရဲ့ တိုက်ခိုက်ရေးအင်အား) သိပ်မရှိဘူးဖြစ်နေတယ်။ သူတို့က လက်နက်ကြီးပစ်တာနဲ့ လေကြောင်းပစ်တာတွေပဲ အဓိကဖြစ်နေတာ”လို့ ဆိုပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ အခုနှစ်ဆန်းကနေ မေလပထမပတ်အတွင်း ကချင်ပြည် နယ်က ဆွမ်ပရာဘွမ်၊အင်ဂျန်းယန်၊မြို့ သစ်၊ဆင်ဘို၊လွယ်ဂျယ်၊ဒေါ့ဖုန်းယန်၊မြို့လှနဲ့ ရှမ်းမြောက်က မဘိမ်းမြို့တို့ကို သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Getty Image

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.