သရက်ချောင်း၊ မေ ၁၄

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူလူထု ၅၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၈ ရက်နေ့က ပဲဒက်တပ်စခန်း သိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကနက်သီရီ၊ ရငဲနဲ့ ဂုံးညင်းဆိပ်ကျေးရွာတို့ကို နှစ်ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ပါတယ်။

လေယာဉ်နဲ့ဗုံးကြဲခံရလို့ ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ရငဲ၊ ဂုံညင်းဆိပ်ကျေးရွာတွေအပါအဝင် ကျေးရွာ ၇ ရွာထက်မနည်း ဒေသခံပြည်သူလူ ၅၀၀၀ ကျော်ဟာ စစ်ဘေးလွတ်ရာ တောင်ပျောက်တိုက်နယ်နဲ့ သရက်ချောင်းမြို့ပေါ်သို့ တိမ်းရှောင်နေကြရပါတယ်။

နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ လက်ရှိမှာတော့ စားနပ်ရိက္ခာ၊ ဆေးဝါးအပြင် အမိုးအကာအကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သရက်ချောင်းဒေသအတွင်း စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကနက်သီရိနဲ့ရဲငဲကျေးရွာက ဒေသခံ ၅ ဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကနက်သီရိကျေးရွာက အထက်ကျောင်းတစ်ကျောင်း၊ ရငဲကျေးရွာက ၂၅ ခုတင်ဆံ့ တိုက်နယ်ဆေးရုံတစ်ရုံအပါအဝင် နေအိမ် ၂၀ ထက်မနည်း ပျက်စီးထားပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ တနင်္သာရီတိုင်းမှာ စစ်ရှောင်ပြည်သူ ၅၄၀၀၀ ကျော် ရှိနေပြီး ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်အရေအတွက် ထပ်တိုးလာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.