မော်လမြိုင် ၊ မေ ၁၅

မော်လမြိုင်-ရန်ကုန်ပြည်ထောင်စုလမ်းပိုင်းပေါ်မှာရှိတဲ့ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် တံတားကို ရှောင်ကွင်းသွားတဲ့ ကျေးရွာချင်းလမ်းပိုင်းမှာ နေ့စဉ်ကုန်တင်ကားတွေအပါအ ဝင် ခရီးသည်ယာဉ် ရာနဲ့ချီ ပိတ်နေကြပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာရှိ ကျုံအိတ်တံတားဟာ ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်မှာ မိုင်းခွဲဖျက်ဆီးခံရတာကြောင့် အရင်ကျန်ရှိတဲ့ ကွန်ကရစ်တံတားအပါအ ဝင် အသစ်ပြန်လည်တည်ဆောက်ထားတဲ့ ဘေလီတံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့တာပါ။

တံတားပြိုကျပျက်စီးသွားတဲ့အတွက် ခရီးသွားပြည်သူတွေဟာ တံတားကို ရှောင်ကွင်းသွားတဲ့ ရွှေ ရောင်ပြကျေးရွာနဲ့ မိုးကောင်းကျေးရွာရဲ့ ကျေးရွာချင်းဆက်လမ်းကို အသုံးပြုခဲ့ကြပေမယ့် လမ်းကျဉ်းတာကြောင့် နေ့စဉ်ကားအစီးရေ ရာနဲ့ချီပိတ်မိနေတဲ့ အခြေအနေ ကြုံနေရတာ ဖြစ်ပါတယ်။

ကျေးရွာချင်းဆက်လမ်းပိုင်းမှာ ကုန်တင်ကားတွေအပါအဝင် ခရီးသည်ယာဉ်တွေ ပိတ်မိနေတဲ့ အ ခြေအနေနဲ့ ပတ်သက်ပြီး ဘီးလင်းဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို အခုလိုပဲ ပြောပါတယ်။

“ကားတွေကတော့ ပိတ်နေတာ အများကြီးပဲ။ လမ်းမပေါ်မှာရော၊ တောထဲမှာရော အများကြီး ပိတ်နေတယ်။ ကားအစီးရေက ရေတွက်လို့တောင် မနိုင်ဘူး။ လမ်းတအားကျဉ်းတယ်။ ကားတစ်စီးနဲ့ တစ်စီးရှောင်လို့ မလွတ်ဘူး။ တောလမ်းဆိုတော့ ကားတွေဝိတ်နဲ့ဆိုတော့ တံတားတွေက မခံနိုင်ဘူး။ ဟိုမှာပိတ်နေတော့ ပုံမှန်သွားမယ်ဆိုရင် မိနစ် ၂၀ လောက်ပဲ ကြာတယ်။ တိုက်ပွဲရယ်လို့တော့ မဟုတ်ဘူးပေါ့။ လက်နက်ကြီးသံတွေ အသံတွေကြားနေရတာပေါ့”လို့ ဆိုပါတယ်။

အဲဒီကျေးရွာချင်းဆက်လမ်းဟာ ပုံမှန်ချိန်တွေမှာ ဖြတ်သန်းပါက မိနစ် ၂၀ လောက်သာ ကြာပေမယ့် ကားလမ်းပိတ်ဆို့မှုဖြစ်ပြီး အနည်းဆုံး ၅ နာရီကနေ ၈ နာရီလောက်ထိ ကြာမြင့်တယ်လို့ ခရီး သွားပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေ မဝင်ရောက်နိုင်အောင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှာကို စိုးရိမ်နေရတယ်လို့ ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ကျေးရွာချင်းဆက်လမ်းဟာ လူနေအိမ်တွေနဲ့ ဝေးကွာတာကြောင့် အစားအ သောက် ရောင်းချတာတွေမရှိသလို ကျန်းမာရေး အပေါ့အလေးသွားတာကအစ အခက်အခဲရှိတာကြောင့် မလိုအပ်ဘဲ ခရီးသွားလာတွေ မလုပ်ကြဖို့ ခရီးသွားပြည်သူတွေက တိုက်တွန်းတာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က ယာဉ် ကြောပိတ်ဆို့မှုကို သွားရောက်ကူညီချင်ပေမယ့် စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ခရီးသွားတွေထိခိုက်မှာ စိုးရိမ်တဲ့အတွက် ကူညီနိုင်ခြင်းမရှိသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုခရီးသွားယာဉ်တွေ သွားလာနေတာက ကျွန်တော်တို့ရဲ့ထိန်းချုပ်ဧရိယာထဲကနေ သွားလာနေကြတာပါ။ ယာဉ်တွေပိတ်နေတာလည်း သိတယ်။ ကျွန်တော်တို့ဘက်က ယာဉ်ကြောရှင်းအောင် လုပ်ပေးတဲ့အခါကျမှ ကျွန်တော်တို့အဖွဲ့တွေရှိမှန်း စစ်တပ်ကသိသွားလို့ လက်နက်ကြီးတွေနဲ့ပစ် ခတ်ရင် ခရီးသွားတွေပါထိမှန်မှာစိုးလို့ အပြင်ကနေပဲ အခြေအနေစောင့်ကြည့်နေပါတယ်”လို့ ဆိုပါတယ်။

တဖက်မှာတော့ ခရီးသွားပြည်သူတွေဟာ ကားလမ်းပိတ်ဆို့ပြတ်တောက်မှုကြောင့် မော်လမြိုင်-ရန်ကုန်မီးရထားစီးနင်းမှု ပိုမိုများပြားလာပြီး တချို့ခရီးသွားကတော့ လေကြောင်းကနေတဆင့် သွား လာတာတွေ ရှိနေပါတယ်။

ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရတာကြောင့် မော်လမြိုင်-ရန်ကုန်ကားလမ်း ဆက်သွယ်ရေးပြတ်တောက်သွားတဲ့အတွက် ဒေသတွင်းမှာ စက်သုံးဆီတွေအပါအဝင် ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာပြီး ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

တံတားမိုင်းခွဲခဲ့တဲ့အတွက် ယာယီဘေလီတံတားထိုးဖို့ စစ်ကောင်စီဘက်က ပြင်ဆင်ထားပေမယ့် မေ ၁၃ ရက်နေ့မှာ တံတားလာရောက်ပြင်ဆင်တဲ့အဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ပြင်ဆင်မှု ရပ်နားထားရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ကျုံအိတ်တံတားဟာ မော်လမြိုင်-ရန်ကုန်ပြည်ထောင်စုလမ်းပိုင်းပေါ်မှာ တည်ရှိနေပြီး ထိုင်း-မြန် မာ နယ်စပ်ကုန်သွယ်ရေးအပြင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ရဲ့ ကုန်သွယ်မှု အချက်အချာကျတဲ့ လမ်းပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.