ထားဝယ်၊ မေ ၁၅

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အိမ်ရှေ့ပြင်ရပ်ကွက်ရှိ စစ်ကောင်စီရဲ့ မြို့ဝင်စစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဗထူးတပ်မတော်ထံက သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၃ ရက် နေ့လည် ၁၂ နာရီခွဲအချိန်ခန့်မှာ အင်အား ၂၀ ဝန်းကျင် တပ်စွဲထားတဲ့ အဲဒီစစ် ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ နဲ့ ဗထူးတပ်မ တော်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အချိန်နာရီဝက်နီးပါးကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး မျက်မြင်သေဆုံးခဲ့ပြီး ဘန်ကာတွေလည်း ပျက်စီးသွားတယ်လို့ ဗထူးတပ်မ တော် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က ထားဝယ်မြို့အဝင်မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေကို ယာယီပိတ်ချပြီးနောက် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ဒေသခံ အမျိုး သား ၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့မှာတော့ စစ်ကောင်စီဘက်က တပ်အင်အားအများအပြားနဲ့ ထားဝယ်မြို့ဝင်ဂိတ်တွေမှာ စစ် ဆေးမှုတွေ တင်းကျပ်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မြို့ဝင်ဂိတ် တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း ထားဝယ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် မောင်မယ်ရှောင်ကျေးရွာနေ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာရ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလကစပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာကာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတယ်လို့ မေ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Ba Htoo Army

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.