အမှန်/အမှား
++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ကနေ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့” NUG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုး စိတ်ဖိစီးမှုများပြီး အဆိပ်သောက်သေတယ်”ဆိုပြီး စစ်တပ်လော်ဘီတွေ သတင်းအမှားဖြန့်နေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။
ဒီအကြောင်းကို မှိုင်းဝေ၊ Kyaw Swar , Han Nyein Oo စတဲ့ စစ်တပ်လော်ဘီအကောင့်တွေမှာ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်ကစပြီး ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးဟာ ကျန်းမာစွာဖြင့် နိုင်ငံတာဝန်တွေကို ထမ်းဆောင်လျက်ရှိတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ မှာ ဧပြီ ၂၄ ရက်နေ့က “ပထဝီဝင်နိုင်ငံရေးနှင့် ကျန်းမာရေး – ကွဲပြားသောကမ္ဘာတွင် သာတူညီမျှမှုရရှိရေး” “Geopolitics and Health: Achieving equity in a divided world” ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေး World Health Summit သို့ ဒေါက်တာဇော်ဝေစိုး တက်ရောက်ဆွေးနွေးခဲ့တာကို NUG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီအစည်းအဝေးမှာ ဒေါက်တာဇော်ဝေစိုးက “အနာဂတ်ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြည်သူ့အသံကို နားထောင်ခြင်း၊ ရပ်ရွာထဲမှ အသံကို နားထောင်ခြင်း၊ နိုင်ငံ့အသံကို နားထောင်ခြင်း အစရှိသည်တို့ကို ကျင့်သုံးဖို့လိုအပ်ကြောင်း” ထည့်သွင်းဆွေးနွေးပြောကြားခဲ့တယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
ဒေါက်တာဇော်ဝေစိုးနဲ့အတူ တက်ရောက်ဆွေးနွေးခဲ့သူတွေမှာ နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်းနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် အုပ်ချုပ်ရေးမှူးဟောင်း Helen Clark ၊ သြစတြေးလျ အမျိုးသားတက္ကသိုလ်၊ ကျန်းမာရေးနဲ့ လူသားလုံခြုံရေး ပိုင်းဆိုင်ရာ အကြီးအကဲ Esperanza Martinez တို့လည်း ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်လင့်
DVB သတင်းဌာနက ဖော်ပြထားတဲ့သတင်း
Radio NUG သတင်းဌာနက ဖော်ပြထားတဲ့သတင်း
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်