ရန်ကုန်၊ မေ ၂
အရှေ့တောင်အာရှဒေသ အများစုမှာ အပူချိန်မြင့်တက်မှု ရှည်ကြာလာတာနဲ့အမျှ မြန်မာနိုင်ငံမှာလည်း အပူချိန်မြင့်တက်မှုကြောင့် တစ်ရက်လျှင် လူ ၄၀ နီးပါး သေဆုံးနေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားက တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးစခန်းမှာလည်း တိရိစ္ဆာန်တွေ ရေမရှိတဲ့အန္တ ရာယ်နဲ့ ကြုံတွေ့နေရပါတယ်။
နိုင်ငံတဝှမ်းလူတွေ အပြင်မထွက်ဘဲ နေရလောက်အောင် အပူချိန် မြင့်တက်နေတဲ့ ဗီယက်နမ်နိုင်ငံမှာ ရာသီဥတုခန့်မှန်းသူတွေက မေလမှာလည်း အပူချိန်ဟာ သာမန်ထက် မြင့်တက်နေဦးမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။
ပြည်တွင်းစစ်ဖြစ်နေတာကြောင့် လွန်ခဲ့တဲ့နှစ် အနည်းငယ်အတွင်း လူတွေအများကြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ မြန်မာနိုင်ငံမှာ အမိုးအကာတွေ လုံလုံလောက်လောက်မရှိဘဲ မတ်လကတည်းက လူသေဆုံးမှု ပိုများလာပြီး သေဆုံးမှုအများစုဟာ အပူချိန်မြင့်တက်မှုနဲ့ ပတ်သက်နေတာပါ။
မြန်မာနိုင်ငံမှာ အပူချိန် မြင့်တက်မှုနဲ့ ဆက်စပ်လို့ သေဆုံးသူ အရေအတွက်ဟာ ဧပြီလတစ်လတည်းအတွင်းမှာပဲ ၁၄၇၃ ဦး ရှိကြောင်း Radio Free Asia(RFA) သတင်းဌာနက စုစည်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးဒေသမှာ လူ ၉၀၀ နီးပါး သေဆုံးမှုဟာ အပူအချိန် အလွန်မြင့်တက်မှုနဲ့ ဆက်စပ်နေတယ်လို့ လူနာတင်ယာဉ်နဲ့ ကယ်ဆယ်ရေး ပရဟိတအဖွဲ့ M-Rescue Corps က ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်ကလည်း အပူချိန်အရမ်းမြင့်မားတာကြောင့် လူတွေဟာ လမ်းလျှောက်နေရင်း၊ ဆိုင်ကယ်စီးနေရင်း သေဆုံးခဲ့ရပြီး အချို့ကတော့ ကားထဲမှာ ထိုင်နေရင်းနဲ့ကို သေဆုံးခဲ့ရတယ်လို့ M-Rescue Corps က ပြောပါတယ်။
ရန်ကုန်မှာလည်း သေဆုံးသူ အရေအတွက်ဟာ မတ်လကထက် ဧပြီလအတွင်း ပိုများခဲ့ပါတယ်။
မကွေးတိုင်းမှာ သေဆုံးသူ အများစုကတော့ သက်ကြီးရွယ်အိုတွေ ဒါမှမဟုတ် သွေးတိုး၊ ဆီးချိုလို နာတာရှည် ရောဂါရှိသူတွေဖြစ်ကြောင်း Myanmar Rescue Teamရဲ့ အရာရှိ တစ်ယောက်က ပြောပါတယ်။
ကလေးတွေလည်း အပူရှပ်တဲ့ဒဏ်ကိုခံစားနေရတယ်လို့ စစ်ကိုင်းတိုင်း ကောလင်းမြို့က စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
အပူချိန်မြင့်မားမှုနဲ့ ဆက်စပ်လို့ သေဆုံးသူအရေအတွက်ကို စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားတာ အခုအချိန်ထိ မတွေ့ရသေးပါဘူး။
Ref:RFA