မော်လမြိုင်၊ မေ ၂

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားအခွင့်အရေး ရာနှုန်းပြည့်နီးပါး ချိုးဖောက်ခံနေရပြီး အလုပ်သမားအခွင့်အရေး လုံးဝဆုံးရှုံးသွားပြီလို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ မေ ၁ ရက်နေ့မှာ ကျရောက်တဲ့ ၁၃၄ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမား (မေဒေး) နေ့မှာ မြန်မာ နိုင်ငံအလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမားတွေမှ “ဖူလုံသော လုပ်ခလစာ ကောင်းမွန်သော လုပ် ငန်းခွင်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့”ဆိုတဲ့ တောင်းဆိုချက်ကို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အလင်းသစ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် NLF Myanmar ရဲ့တွဲဖက်ဥက္ကဌက မြန် မာအလုပ်သမားတွေဟာ လုပ်ခလစာ နည်းပါးတဲ့အပြင် လုပ်ငန်းခွင်ထဲမှာလည်း အဓမ္မခိုင်းစေမှုနဲ့ အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခံနေရတယ်လို့ ပြောပါတယ်။

“မြန်မာအလုပ်သမားထုတွေ အဓိကရင်ဆိုင်နေရတဲ့ အခက်အခဲက လုပ်ခလစာနည်းတာ။ ဒီတော့ ကုန်ဈေးနှုန်းမြှင့်တက်လာတာတွေ၊ မိသားစုရဲ့ စားဝတ်နေရေး လုံလောက်မှုမရှိတာတွေကို သူတို့ရင်ဆိုင်နေရတယ်။ နောက်တစ်ချက်ကတော့ လုပ်ငန်းခွင်ထဲမှာ အလုပ်သမား အခွင့်အရေးတွေက ဆုံးရှုံးသွားတဲ့အခါမှာ လက်ရှိဆိုရင် အဓမ္မခိုင်းစေမှုတွေကို ခံနေရတယ်ပေါ့နော်။ အလုပ်ရှင်က စစ်အာဏာသိမ်းမှုပေါ်မှာ အခွင့်ကောင်းယူပြီးတော့ အလုပ်သမား အခွင့်အရေးတွေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေတာကို သူတို့ အလုပ်မပြုတ်ရေးအတွက်ကိုဘဲ မျက်ကွယ်ပြုပြီးတော့ အလုပ်ရှင်ရဲ့ ဖိနှိပ်မှုများစွာကို ရင်ဆိုင်နေရတယ်” လို့ဆိုပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကြောင့် အလုပ်သမားတွေဟာ မြန်မာပြည်ထဲမှာ မနေရဲဘဲ ပြည်ပထွက်ခွာတာနဲ့ နေ့စဉ်နဲ့အမျှ လုပ်ငန်းခွင်အသွားအပြန်နဲ့ ညဖက်အိပ်တာတောင် စိုးရိမ်မှုများစွာနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို ရင်ဆိုင်နေရတယ်လို့ သူကဆက်ပြောပါတယ်။

အလုပ်သမားအရေး အရေးလှုပ်ရှားနေတဲ့ ကိုစိုင်းယုမောင်ကလည်း အာဏာမသိမ်းခင်က အလုပ် သမားတွေရဲ့ အခွင့်အရေး အပြည့်အဝခံစားခွင့် မရရှိခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခွင့်အရေး ရဖို့နေနေသာသာ အမှုတွေနဲ့ ပြန်လည်ရင်ဆိုင်လာရတယ်လို့ ပြောပါတယ်။

“အာဏာမသိမ်းခင်ကာလက အလုပ်သမားတွေရဲ့ ခံစားခွင့် အပြည့်အဝမရခဲ့ဘူးဆိုရင်တောင်မှ တိုင်ရင်တော့ ရနိုင်သေးတယ်။ အခုကျတော့ တိုင်ရင်လည်း အလုတ်ပြုတ်တာနဲ့ ရင်ဆိုင်ရတယ်။ အဲဒီလိုမျိုးဖြစ်တဲ့ခါကျတော့ ဘယ်သူမှ မတိုင်ရဲကြတော့ဘူး။ အလုပ်သမားတွေက ဘယ်သူမှ ဒီအပေါ်မှာ တောင်းဆိုနိုင်တာမရှိတော့ဘူး။ မတောင်းဆိုရဲကြတော့ဘူးနော်။ စုပေါင်းတောင်းဆိုတဲ့ကိစ္စက အလုံးစုံပျက်သုဉ်းသွားတယ် အခုနောက်ပိုင်းမှာ။ အရင်တုန်းကဆိုရင် ကျွန်တော်တို့က ၁၀၀ရာခိုင်နှုန်းတောင်းရင် ၅၀ လောက်ကတော့ ရနိုင်တဲ့ အခြေအနေရှိ တယ်။ အခုကတော့ လုံးဝကိုမှ ရဖို့နေနေသာသာ ပြန်ပြီးတော့တောင်မှ ကိုယ့်ဘက် ပြန်ပတ်လာတဲ့ အမှုတွေ ဖြစ်လာတယ်” လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်အာဏာသိမ်းထားတဲ့ ကာလဖြစ်တာကြောင့် လွတ်လပ်စွာ တောင်းဆိုခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်အပြင် အသင်းအဖွဲ့၊ သမဂ္ဂတွေ ဖွဲ့စည်းပြီး စုပေါင်းတောင်းဆိုခွင့်တွေ ဆုံးရှုံးတဲ့အပြင် အလုပ်ရှင်တွေက ပြဿနာတွေကို လက်နက်ကိုင်တွေနဲ့ ခြိမ်းခြောက်ပြီး ဖြေရှင်းလာကြတယ်လို့ STUM ရဲ့ လူငယ် Leader တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီထုတ် နိုင်ငံပိုင်သတင်းစာတွေမှာတော့ မြန်မာလုပ်သားတွေ ပြည်ပအလုပ်အကိုင် အ ခွင့်အလမ်းတွေရရှိဖို့နဲ့ ပြည်ပရောက်ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှုမရှိစေဖို့ ပြည်ပမှရရှိလာတဲ့ အတွေ့အကြုံ အသိပညာနဲ့ အတတ်ပညာတွေကို ပြည်တွင်းမှာ စနစ်တကျ အသုံးပြုနိုင်ရန် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံရဲ့ အဓိက ကုန်ထုတ်စွမ်းအားဖြစ်တဲ့ အလုပ်သမားကြီးတွေရဲ့ လူမှုစီးပွား ရေး လုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုခံစားနိုင်ရန် အလုပ်သမားဆေးရုံကြီး ၃ ရုံ၊ လူမှုဖူလုံရေးဆေးခန်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၆၀၊ တိုင်ရင်းဆေးခန်း ၁ ခန်း၊ ပုဂ္ဂလိကဆေးရုံဆေးခန်း ၆၄ ခန်းနဲ့ ရွှေ့လျားဆေးခန်း ၂ စီးတို့ ဖြင့် အလုပ်သမားတွေရဲ့ ကျန်းမားရေးနဲ့ ငွေကြေးခံစားခွင့်တွေကို ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါအပြင် မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အနည်းဆုံး အခကြေးငွေ တစ်ရက် ၄၈၀၀ ကျပ်ကို ထောက်ပံ့ကြေး တစ်ထောင်ကျပ်တိုးပေးပြီး ၅၈၀၀ ကျပ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ထုတ်ပြန်ထားပါတယ်။

မေဒေးနေ့ဟာ ကမ္ဘာ့အလုပ်သမား လူတန်းစားတွေအတွက် နိုင်ငံရေးသဘောတရားအရ အရေးပါတဲ့ နေ့တစ်နေ့ဖြစ်တဲ့အပြင် အလုပ်သမား ပစ္စည်းမဲ့ လူတန်းစားတွေအား ဖိနှပ်ချုပ်ချယ်ခဲ့တဲ့ အရင်းရှင်စနစ်ကို တော်လှန်ပြီး အလုပ်သမားတွေရဲ့ ဘဝသစ်တည်ဆောက်ရန် သွေးစည်းလိုက်တဲ့ နေ့လို့ ဆိုပါတယ်။

၁၈၈၄ ခုနှစ်တွင် အမေရိကန် အလုပ်သမားအဖွဲ့ချုပ် ညီလာခံက ၁၈၈၆ ခုနှစ် မေလ ၁ ရက်နေ့မှစပြီး တစ်နေ့လျှင် ၈ နာရီသာ အလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့ပြီး အောင်မြင်တဲ့အထိ တိုက်ပွဲဝင်ခဲ့ကြရာ အလုပ်ရှင်တွေရဲ့ အစွမ်းကုန် ဖိနှိပ်ချုပ်ချယ်မှုတွေကို ခံကြရပြီး နောက်ဆုံးမှာ အလုပ်သမားအရေး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

၁၈၈၉ ခုနှစ် ပါရီမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်တွေရဲ့ ဒုတိယညီလာခံက မေလ ၁ ရက်နေ့ကို အလုပ်သမားနေ့အဖြစ် သတ်မှတ်ပေးလိုက်ပြီး ဆုံးဖြတ်ချက်အရ နှစ်စဉ် မေလ ၁ ရက်နေ့တိုင်း အလုပ်သမားခေါင်းဆောင်တွေဟာ အလုပ်သမားအရေး ဟောပြောပွဲတွေစတဲ့အ ထိမ်းအမှတ်ပွဲတွေ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ ကမ္ဘာ့အလုပ်သမားနေ့ကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်းများစွာက အများပြည်သူတွေရဲ့ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.