ကျိုက်မရော၊ မေ ၂

နေရပ်စွန့်ခွာနေကြတဲ့ မွန်နဲ့ ကရင်ပြည်နယ်နယ်စပ် ရမ္မာဝတီကားလမ်း‌ပေါ်ရှိ ဂျိုင်းမြစ်ဒေသခံတွေ နေရပ်ပြန်လာဖို့ စစ်ကောင်စီစည်းရုံးပြီးနောက် အခုချိန်ထိ စစ်ရှောင်ပြည်သူတွေ အလုံးအရင်းနဲ့ ပြန်လည်ဝင်ရောက်လာတာ မရှိသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီတတိယပတ်အတွင်း ဓမ္မသကျေးရွာနဲ့ ကော့ဘိန်းနယ်မြေရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တဲ့အတွက် ဧပြီ ၂၇ ရက်နေ့ကစပြီး နေရပ်စွန့်ခွာပြည်သူတွေ မိမိရပ်ရွာမှာ ပြန်လည်နေထိုင်ဖို့ စစ်ကောင်စီက စည်းရုံးရေးဆင်းခဲ့ပါတယ်။

ရွာထဲမှာ အိမ်စောင့်အဖြစ် ကျန်ရစ်နေခဲ့တဲ့ တရနာရွာသားတစ်ဦးက‌တော့ ဌာနဆိုင်ရာက ဒေသခံတွေ ပြန်လို့ရပြီလို့ကြေညာထားပေမယ့် အခုထက်ထိ ပြည်သူတွေအားလုံး မပြန်ရဲသေးဘူးလို့ သံ လွင်တိုင်းမ်ကို ပြောပါတယ်။

တရနာရွာသားတစ်ဦးကတော့“ကောလာဟလက ပြန်လို့ရပြီ၊ ဌာနဆိုင်ရာက ကြေညာထားတယ်။ အခုလူတွေ မပြန်ရဲသေးဘူး။ တစ်ယောက် နှစ်ယောက်တော့ ရောက်လာတယ်။ ဒါပေမယ့် သေသေ ချာချာ မပြန်ရဲသေးဘူးလေ။ လောလောဆယ်တော့ ပြန်လာနေဖို့က မဖြစ်နိုင်ဘူး။ တကယ်တော့ တရနာရွာအရှေ့ဘက်ပိုင်းမှာ နေဖို့မသင့်သေးဘူး။ အနောက်ဘက်ပိုင်းတော့ တကယ်လို့ ပြန်မယ်ဆိုရင် ပြန်လို့ရတယ်”လို့ ဆိုပါတယ်။

သံကလောင်နဲ့ ဓမ္မသကျေးရွာထဲ ဝင်ရောက်ဖို့ ရမ္မာဝတီကားလမ်းရှိတဲ့ တရနာရွာလမ်းဆုံနဲ့ ကျွန်းကုန်းဘက်ကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖြတ်သန်းခွင့်ပိတ်ပင်ထားပြီး တရနာရွာထဲ ဝင်ရောက်ခွင့်ကိုလည်း အထောက်အထားပြရသလို မသင်္ကာရင် စစ်ဆေးမေးမြန်းတာတွေ ရှိတယ်လို့ အဲဒီဒေသခံက ပြောပြပါတယ်။

စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက အခုချိန်မှာ ဓမ္မသကျေးရွာဟာ တည်ငြိမ်အေးချမ်းနေပြီဖြစ်တဲ့အတွက် ကျေးရွာသူ ကျေးရွာသားတွေအနေနဲ့ မိမိနေရပ်သို့ ပြန်လည်အခြေချနေထိုင်နိုင်ပြီလို့ စစ်ရှောင်တွေရှိတဲ့ နေရာတွေနဲ့ ကျေးရွာတွေထဲ စည်းရုံးခဲ့တာပါ။

ဓမ္မသရွာသားတစ်ဦးကတော့ နေအိမ်တွေ မီး‌လောင်ပျက်စီးခဲ့ရတဲ့အတွက် ဒေသခံတွေ နေရပ်ပြန်ပြီး နေထိုင်ဖို့ အိမ်မရှိသလို အိမ်ကျန်သေးတဲ့သူတွေလည်း စစ်ကောင်စီရဲ့ တင်းကြပ်စစ်ဆေးမှုကို ခံယူပြီးမှသာ ရွာထဲဝင်ရောက်ကာ ပစ္စည်းပြန်လာသိမ်းတာလောက်ပဲ ရှိမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဓမ္မသကျေးရွာကို စစ်ကောင်စီတပ်ရဲ့ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ရပြီး ဒေ သခံသောင်းနဲ့ချီ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရတာပါ။

စစ်ကောင်စီကတော့ မွန်ပြည်နယ် ဓမ္မသ၊တရနာနဲ့ ကော့သပ်ကျေးရွာတွေမှာ အမျိုးသား၊အမျိုး သမီး စုစုပေါင်းအယောက် ၂၂၀ နဲ့ ကရင်ပြည်နယ် ကော့ဘိန်းကျေးရွာမှာ အမျိုးသား၊ အမျိုးသမီး စုစုပေါင်းအယောက် ၄၈၅ ဦးတို့ ပြန်လည်ဝင်ရောက်နေထိုင်လာတယ်လို့ ဧပြီ ၂၉ ရက်နေ့မှာ သ တင်းထုတ်ပြန်ထားတာပါ။

ဒါ့အပြင် ပြန်လည်ဝင်ရောက်သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက နေ့ညမပြတ် ပြန်လည်ကြိုဆိုပြီး စနစ်တကျလက်ခံနေသလို လိုအပ်တဲ့ ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးနေတယ်လို့ စစ်ကောင်စီက ဝါဒဖြန့်ထားတာပါ။

ကော့ဘိန်းရွာခံတစ်ဦးကတော့ ရွာရဲ့ နယ်မြေတချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခန့်မှန်း ၁၀၀ ဝန်းကျင်နဲ့ အခြေချထားပြီး ပစ္စည်းသွားယူကာ ပြန်ထွက်လာတဲ့ ဒေသခံတွေကို ရွာကနေ မထွက်ကြဖို့ အေး အေးဆေးဆေးနေဖို့ စစ်တပ်ကမှာထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုလက်ရှိ ရွာရဲ့နယ်မြေ ၉ ၊ ၁၀ ၊ ၁၁ အဲဒါ သူတို့ (စကစတပ်) အခြေချထားတာ။ အခုလက်ရှိ ပြန်ထွက်လာတဲ့သူလည်း ရှိတယ်။ တချို့လူက အဲဒီမှာ ပစ္စည်းသွားကောက်တာ‌ပေါ့။ ပစ္စည်းသွားကောက်ရင်း တွေ့ကြတာ။ သူတို့ (စကစတပ်) ပြောတာ ရွာကနေ မထွက်ကြနဲ့ပေါ့။ ရွာမှာပဲနေ အေးအေးဆေးဆေးနေ။ သူတို့ လုံခြုံအောင် လုပ်ပေးမယ်။ ဘာမှအပြစ်မရှိဘူး၊ သူတို့ လှမ်းခေါ်မေးမယ်ဆိုရင် ရပ်ပေးလိုက် ဖြေပေးလိုက်။ ရွာမှာ အေးအေးဆေးဆေးပဲနေပါလို့ သူတို့ အဲဒီလိုမျိုး မှာထားတယ်”လို့ သူကဆိုပါတယ်။

လက်ရှိမှာ ရွာကနေ စစ်ရှောင်ဖို့ မပြေးနိုင်တဲ့ သက်ကြီးပိုင်းတွေနဲ့ မသန်စွမ်းတွေကို စာရင်းကောက် ယူနေပြီး စစ်ကောင်စီက ဆန်တွေပေးဝေဖို့ အစီအစဉ်ရှိပေမယ့် နေရပ်စွန့်ရွာဒေသခံတွေကတော့ ရွာထဲပြန်လည်ဝင်ရောက်နေထိုင်ဖို့ မရဲသေးဘူးလို့ အဲဒီကော့ဘိန်းရွာခံက ဆက်ပြောပါတယ်။

တစ်ဘက်မှာ‌တော့ ဂျိုင်းမြစ်ဒေသရှိ ကော့သပ်၊ ကော့စွယ်၊ တရနာ၊ သံကလောင်၊ ဓမ္မသ၊ ကော့ဘိန်းနဲ့ အနီးတဝိုက်ကျေးရွာက နေအိမ်အများအပြား ဖောက်ထွင်းခံခဲ့ရသလို ကားနဲ့ ဆိုင်ကယ်တွေလည်း ခိုးယူခံခဲ့ရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာ ကော့ဘိန်းကျေးရွာဘက် စစ်ကြောင်းထိုးဝင်ရောက်ရာမှာ light truck ကားနဲ့ အရပ်သားတွေရဲ့ ဆိုင်ကယ်တွေကို ကားပေါ် တင်သွားခဲ့ပြီး အနိမ့်ဈေးနဲ့ ပြန်လည်ရောင်းချခဲ့တယ်လို့ ဒေသခံတွေထံက စုံစမ်းသိရှိရပါတယ်။

ဒ့ါအပြင် မော်လမြိင်မြို့က စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ရောက်ရှိလာတဲ့ ဓမ္မသရွာ သားနှစ်ဦးကို စစ်ကောင်စီက ဧည့်စာရင်းဝင်ရောက်စစ်ဆေးရာမှာ အကြောင်းကြားထားတာမရှိတဲ့အတွက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဟိုမနေ့က (ဧပြီ ၂၉) ကျွန်တော့် သူငယ်ချင်းနှစ်ယောက်။ သူတို့က မော်လမြိုင်မှာ ဘုန်းကြီး ကျောင်းရှိတယ်လေ။ အဲဒီမှာ တည်းခိုနေတယ်။ အဲဒါညပိုင်း သူတို့ (စကစ) ဝင်စစ်တော့ ဧည့်စာ ရင်းမတိုင်ထားလို့ သူတို့ကို ဖမ်းခေါ်သွားတယ်။ အခုကျွန်တော်တို့ ဖုန်းဆက်လို့ မရဘူး၊ အကျိုးအ ကြောင်း မသိသေးဘူး”လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူနှစ်ဦးဟာ အသက် ၃၀ နဲ့ ၂၀ ဝန်းကျင်ရှိ လူငယ်တွေဖြစ်ကြပြီး ဂျိုင်းမြစ်ဒေသ နှစ်ဘက်စစ်ရေး တင်းမာခဲ့တဲ့ကာလမှာ တောတောင်တွေအတွင်း စစ်‌ရှောင်နေရင်း သင်တန်းတက်လို့ ရအောင်ဆိုပြီး မြို့ ပေါ်ရောက်ရှိရာကနေ ဖမ်းဆီးခံခဲ့ရတာပါ။

လွန်ခဲ့တဲ့ တစ်လကျော်အတွင်း ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကနေ ဂျိုင်းမြစ်ဒေသတိုက်ပွဲအတွင်း ရမ္မာဝတီကားလမ်းတစ်လျှောက်ရှိ ကျေးရွာ ၁၀ ရွာထက်မနည်း ဒေသခံပြည်သူ တစ်သိန်းကျော်ထိ နေရပ် စွန့်ခွာခဲ့ရသလို ဖမ်းဆီးသတ်ဖြတ်ခံရသူတွေလည်း ရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.