မာလေ၊ဧပြီ ၂၃

မော်လ်ဒိုက်ရွှေးကောက်ပွဲမှာ သမ္မတမိုဟာမက်မူအီဇူရဲ့ PNC ပါတီက အမတ်နေရာ ၉၃ နေရာရှိတဲ့ လွှတ်တော်မှာ ၆၆ နေရာအနိုင်ရခဲ့တာကြောင့် သူ့ရဲ့အာဏာဆုပ်ကိုင်ထားမှုဟာ ပိုမိုခိုင်မာသွားတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲအနိုင်ရခဲ့တာဟာ တရုတ်နဲ့ရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ မစ္စတာ မူအီဇူရဲ့ မူဝါဒကို မော်လ်ဒိုက်ပြည်သူတွေအခိုင်အမာ ထောက်ခံကြောင်းဖော်ပြနေတာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

တရုတ်လိုလားသူအဖြစ် လူသိများတဲ့ မစ္စတာမူအီဇူက သူ့နိုင်ငံမှာ အိန္ဒိယရဲ့ ကာလရှည်ဩဇာ လွှမ်းမိုးမှုကို လျှော့ချဖို့ဆန္ဒရှိနေသူဖြစ်ပြီး သူ့ပါတီဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးလိုအပ်တဲ့ အမတ်နေရာ သုံးပုံနှစ်ပုံကို အနိုင်ရရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ ရွှေးကောက်ပွဲမတိုင်ခင်အထိ အဓိကအတိုက်အခံပါတီ ဖြစ်တဲ့ မော်လ်ဒိုက် ဒီမိုကရက်တစ်ပါတီ MDP ဟာ အမတ်နေရာအများစုကို ပိုင်ဆိုင်ထားတာဖြစ် ပေမယ့် လက်ရှိရွေးကောက်ပွဲမှာတော့ အမတ်နေရာ ၁၅ နေရာကိုသာရရှိခဲ့တာဖြစ်ပါတယ်။

မစ္စတာ မူအီဇူအနေနဲ့ မော်လ်ဒိုက်မှာ အရာအားလုံးကို ထိန်းချုပ်နိုင်တော့မှာဖြစ်ပြီး လွှတ်တော်အတွင်း လုံလောက်တဲ့ အမတ်နေရာရရှိထားတာကြောင့် တရားရေးစနစ်ကိုလည်း သီအိုရီအရ ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ အနောက်ဩစတြေးလျ တက္ကသိုလ် ကထိက မော်လ်ဒိုက်အရေးလေ့လာသူ အဇင်ဇာဟာက ပြောခဲ့ပါတယ်။

မော်လ်ဒိုက်ရဲ့ အိန္ဒိယပထမ မူဝါဒကို အဆုံးသတ်ဖို့ ပြင်နေတဲ့ မစ္စတာမူအီဇူဟာ နယူးဒေလီရဲ့ ဩဇာလွှမ်းမိုးမှုကို လျှော့ချဖို့အတွက် မော်လ်ဒိုက်မှာအခြေစိုက်ထားတဲ့ အိန္ဒိယတပ်တွေကို နေရပ်ပြန်ပို့မယ်လို့ ကတိပြုထားပါတယ်။

အိန္ဒိယက ကယ်ဆယ်ရေးနဲ့ စောင့်ကြည့်ထောက်လှမ်းရေးအတွက် ရဟတ်ယာဉ်တစ်စီး၊ လေယာဉ်တစ်စီးနဲ့ တပ်ဖွဲ့ဝင် ၈၆ ဦးကို မော်လ်ဒိုက်မှာ စခန်းချထားတာပါ။

မော်လ်ဒိုက်ကနေ အိန္ဒိယတပ်ဖွဲ့ဝင် နှစ်သုတ်ထွက်ခွာသွားပြီး သူတို့နေရာမှာ အိန္ဒိယနည်းပညာရှင်တွေနဲ့ အစားထိုးထားသလို လက်ကျန်တပ်ဖွဲ့ဝင်တွေအနေနဲ့ လာမယ့် မေ ၁၀ ရက်နေ့မှာ နေရပ်ပြန်မယ်လို့ မျှော်လင့်နေကြပါတယ်။

အိန္ဒိယတပ်ဖွဲ့ဝင်တွေကို နေရပ်ပြန်ပို့ခဲ့တဲ့ မူအီဇူရဲ့ဆုံးဖြတ်ချက်ကြောင့် မော်လ်ဒိုက်နဲ့ အိန္ဒိယဟာ ဆက်ဆံရေးတင်းမာနေပြီး ဒီအခြေအနေကို တရုတ်က အသုံးချဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.