မနီလာ၊ဧပြီ ၁၉

အမေရိကန်၊ဂျပန်တို့နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာဟာ မိမိတို့ရဲ့အချုပ်အခြာအာဏာ ပိုင် ရွေးချယ်မှုဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၁၈ ရက်နေ့မှာ ပြောကြားလိုက် ပါတယ်။

ဖိလစ်ပိုင်သမ္မတ မားကိုစ်ဂျူနီယာနဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့ကို ဂျိုးဘိုင်ဒန်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဝါရှင်တန်မှာလက်ခံတွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံမှုကို တရုတ်က ဝေဖန်ခဲ့ပြီး နောက် ဖိလစ်ပိုင်က အခုလို တုံ့ပြန်ခဲ့တာပါ။

ဆွေးနွေးမှုအတွင်း အဲဒီသုံးနိုင်ငံက တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး များစွာစိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

မိမိတို့သုံးနိုင်ငံ အုပ်စုဖွဲ့တာက အင်ဒိုပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှာဖြစ်ပြီး ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ မမှတ်ယူသင့်ဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်ရဲ့ လွန်ကဲတဲ့ရေပြင်ပိုင်ဆိုင်ကြောင်း ပြောဆိုမှုနဲ့ ရန်လိုတဲ့ အပြုအမူတွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် အန္တရာယ်ဖြစ်စေတယ်လို့ ဆိုထားသလို သူတို့ရဲ့လုပ်ရပ်တွေကြောင့် တန်ပြန်ခံရလိမ့်မယ်လို့ ဖိလစ်ပိုင်က ဆိုထားပါတယ်။

ဒေသတွင်းမှာ ဖိလစ်ပိုင်၊ဂျပန်နဲ့ အမေရိကန်တို့ရဲ့ အုပ်စုဖွဲ့မှုက တင်းမာမှုကို မြင့်တက်စေနိုင်ပြီး မိမိတို့အနေနဲ့ ကန့်ကွက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ မော်နင်းက အသိပေးထားပါတယ်။

ဒါ့အပြင် အမေရိကန်ဟာ မဟာမိတ်တွေကို စုစည်းပြီး သူ့ရဲ့ပြိုင်ဖက်တွေကို ခြိမ်းခြောက်တဲ့ စစ်အေးခေတ် စိတ်ထားမျိုးဖက်တွယ်ထားတုန်းပဲဖြစ်တယ်လို့သူက ပြောပါသေးတယ်။

တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါး သူတို့အပိုင်ဖြစ်တယ်လို့ တရုတ်ဘက်ကပြောဆိုထားတဲ့ ရေပြင်မှာ မနီလာနဲ့ဘေဂျင်းကြား တင်းမာမှုတွေဟာ ပြီးခဲ့တဲ့နှစ်က စတင်မြင့်တက်လာခဲ့တာပါ။

နိုင်ငံတကာ အငြင်းပွားမှုဖြေရှင်းရေး တရားရုံးက တရုတ်ရဲ့ တောင်တရုတ်ပင်လယ်တစ်ခုလုံး နီးပါးကို ပိုင်ဆိုင်တယ်လို့ ပြောဆိုမှုဟာ တရားမဝင်ဘူးလို့ ၂၀၁၆ ခုနှစ်က ဆုံးဖြတ်ထားပြီး တရုတ်က အဲဒီဆုံးဖြတ်ချက်ကို ပယ်ချထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.