မော်လမြိုင်၊ ဧပြီ ၁၉

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ဘီးလင်းမြို့နယ်တို့မှာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်းကို ဧပြီ ၁၈ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ အမည်မသိသေနတ်သမားတွေက နေအိမ်ထဲဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်းဟာ ရင်ဘတ်၊ ဦးခေါင်းနဲ့လက်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။

အလားတူ အဲဒီနေ့ မနက် ၆ နာရီအချိန်ခန့်မှာလည်း ကျိုက်ထိုမြို့နယ် မြောက်ပိုင်းရပ်ကွက် ရာအိမ်မှူးဖြစ်သူ ဦးအောင်ကျော်ကို ဆိုင်ကယ်နဲ့စီးနင်းလာတဲ့ အမျိုးသား ၂ ဦးက နေအိမ်အရှေ့မှာ သေ နတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးခဲ့တာပါ။

အဲဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းရာမှာတော့ ပစ်ခတ်ခံရကြောင်း ကြားသိရပေမယ့် ဘယ်အဖွဲ့အစည်းက ပစ်ခတ်ရှင်း လင်းခဲ့လဲဆိုတာ မသိရသေးပါဘူးလို့ ဆိုပါတယ်။

မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်ဖို့ ကြိုးစားနေသူအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး အ ပြစ်ပေးအရေးယူသွားမယ်လို့ ပြီးခဲ့တဲ့မတ်လအတွင်း သတိပေးထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီဘက်က စစ်မှုထမ်းဆင့်ခေါ်ပြီးနောက် မွန်ပြည်နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး ၇ ဦးထက်မနည်း ရှင်းလင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်ချန်နယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.