ရေး ၊ ဧပြီ ၁၉
မွန်လူမျိုးတွေ အင်အားတစ်ခုတည်းဖြစ်ဖို့ ရည်ရွယ်ပြီး စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်နေတဲ့ မွန်တပ်တွေအပါအဝင်မွန်အဖွဲ့အစည်းတွေနဲ့ ပူးတွဲလုပ်ဆောင်လိုတယ်လို့ မွန်ပြည်သစ်ပါတီ NMSP AD အဖွဲ့ခေါင်းဆောင် နိုင်ဇေယျက နှစ်သစ်ကူးမိန့်ခွန်းကနေ ကမ်းလှမ်းလိုက်ပါတယ်။
ပူးတွဲလုပ်ဆောင်လို့ရတဲ့နေရာမှာ ပူးတွဲလုပ်ဆောင်ကြဖို့ ၊ တူညီတဲ့အလုပ်မှာပေါင်းလုပ်ပြီး မတူညီတာကို အရင်ထားနှင့်ကာ မိမိတို့အတူတကွ ပူးပေါင်းလုပ်ဆောင်ကြဖို့ မွန်ပြည်သစ်ပါတီ စစ်အာ ဏာရှင်တိုက်ဖျက်ရေး NMSP-AD နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ ခေါင်းဆောင်က ဖိတ်ခေါ်ခဲ့တာပါ။
မွန်ပြည်ကာကွယ်ရေးတပ် MSDF ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းကတော့ အမိန့်ပေးကွပ်ကဲမှုစနစ် တစ်ခုတည်းမဖြစ်ခင် စစ်ရေးမဟာမိတ်အနေနဲ့ ချိတ်ဆက်ကွပ်ကွဲမှုအဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ပြီး AD ရဲ့ ဖိတ်ခေါ်မှုအပေါ် လက်တွေ့ကျတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“Chain of command (အမိန့်ပေးကွပ်ကဲမှုစနစ် – COC) တစ်ခုတည်းမဖြစ်ခင် စစ်ရေးမဟာမိတ် Military Alliance အနေနဲ့လည်းJoin Command (ချိတ်ဆက်ကွပ်ကဲမှု) အနေနဲ့ ပူးပေါင်းဆောင် ရွက်မှုတွေ ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့်မို့ မွန်ပြည်သစ်ပါတီ AD ရဲ့ မတူကွဲပြားမှုတွေကို ချန်လှပ်ပြီး တူညီတဲ့လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်လာတာကို မိမိတို့ မွန်ပြည်ကာ ကွယ်ရေးတပ် MSDF အနေနဲ့ အပြုသဘောဆောင်တဲ့ လက်တွေ့ကျတဲ့ တိုက်တွန်းပြောဆိုချက်တစ်ရပ်ရယ်လို့ သုံးသပ်မိတယ်”လို့ ဆိုပါတယ်။
ဧပြီ ၁ ရက်နေ့မှာ ကြေညာခဲ့တဲ့ မွန်ပြည်သစ်ပါတီ AD ရဲ့ နိုင်ငံရေးရည်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နဲ့ လုပ်ငန်းစဉ်တွေထဲမှာ မွန်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်ဖို့ လမ်းပြမြေပုံမှာ ထည့်သွင်းဖော်ပြထားတာပါ။
ဒါ့အပြင် အသွင်ကူးပြောင်းကာလမှာ မွန်ပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုတွေ ပါဝင်ကာ ပြည်နယ်ဖွဲ့ စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းအတည်ပြုပြီး အဲဒီဥပဒေအရ ပြည်နယ်အစိုးရဖွဲ့ စည်းတာလည်း ပါဝင်ပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ မွန်ပြည်သစ်ပါတီ AD ရဲ့ ကမ်းလှမ်းမှုအပေါ် နှစ်ဦးနှစ်ဘက် လေးစားမှုအပြည့်နဲ့ ပူးပေါင်းလုပ်ဆောင်သွားကြမယ်ဆိုရင် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တကယ်ပေါင်းကြမယ်ဆိုရင် စေတနာအရင်းအမှန်ရှိဖို့တော့ လိုတာပေါ့။ လက်နက်တွေ ကိုင်ဆွဲထားကြတော့ စေတနာမမှန်လို့ရှိရင် အဆင်မပြေမှုတွေ ပွတ်တိုက်မှုတွေ ဖြစ်နိုင်တာပေါ့။ နောက် ဆုံးပြောချင်တာတော့ ကျွန်တော်တို့ MSRF မွန်ပြည်တော်လှန်ရေးတပ်အနေနဲ့ အခုလို AD က ပူး ပေါင်းကြဖို့ ကမ်းလှမ်တဲ့အပေါ် ကျွန်တော်တို့ဘက်က အရင်ကလည်း ကမ်းလှမ်းတဲ့အပေါ်မှာ နှစ် ဦးနှစ်ဘက် လေးစားမှုအပြည့်နဲ့ ပူးပေါင်းလုပ်ဆောင်သွားကြမယ်၊ မတူတာကို ဘေးထား။ တူတာကို ပူးပေါင်းလုပ်ကြမယ်ဆိုရင် ကောင်းမွန်တဲ့လုပ်ဆောင်ချက်ပါ”လို့ ဆိုပါတယ်။
AD အဖွဲ့ခေါင်းဆောင်ကတော့ စစ်အာဏာရှင်ကို တိုက်ဖျက်နိုင်မှ လူမျိုးတွေရဲ့ အခွင့်အရေးရရှိနိုင်မှာဖြစ်တဲ့အတွက် မိမိတို့လူမျိုးရဲ့ ဖိနှိပ်ညှင်းပန်း သတ်ဖြတ်ခံရမှုနဲ့ ကျေးရွာတွေ မီးရှို့ခံရမှု ဒုက္ခတွေ ကုန်ဆုံးနိုင်မယ်လို့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။
ဒါကြောင့် သံဃာတော်တွေ ပညာရှင်တွေ မွန်လူမျိုးအားလုံးနဲ့ မွန်ပြည်သစ်ပါတီ ရဲဘော်အသစ်တွေ အဟောင်းတွေရော ပြည်တွင်းရှိ နိုင်ငံရေးပါတီဝင်တွေ မွန်ပြည်သစ်ပါတီ AD မှာ ဝင်ရောက်ပူးပေါင်းကြဖို့ လူမျိုးရဲ့ပေါင်းစည်းညီညွတ်မှုအားနဲ့ မိမိတို့နဲ့အတူ တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းထားပါသေးတယ်။
မွန်လူငယ်တွေအနေနဲ့လည်း မိမိလူမျိုးကို ကာကွယ်စောက့်ရှောက်ဖို့ မိမိနယ်မြေမှာ ရန်သူကို မောင်းထုတ်နိုင်ဖို့ လူငယ်အင်အားဟာ အရေးကြီးတာကြောင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှာ အင်အားဖြည့်ကြဖို့နဲ့ စစ်အာဏာရှင်ကို ဖြုတ်ချရာမှာ လက်နက်ကိုင်တိုက်ပွဲနည်းလမ်းသာရှိတယ်လို့ နိုင်ဇေယျက ဆိုပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းကလည်း NMSP AD နဲ့ တွေ့ဆုံဖို့ ပြီးခဲ့တဲ့လမှာ စာပေးပို့ထားတာရှိပြီး နိုင်ငံရေး၊စစ်ရေး ပူးပေါင်းမှုတွေအတွက် အ ကြောင်းပြန်လိမ့်မယ်လို့ ယူဆကြောင်း သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒါကြောင့် ကျွန်တော်ထင်တယ် NMSP-AD နဲ့ MSFC တို့ တွေ့ဆုံနိုင်မယ်လို့ ကျွန်တော်တို့ မျှော် လင့်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ အားလုံးသိတဲ့အတိုင်းပဲ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လိုလုပ်နိုင်မလဲ။ နောက်စစ်ရေးအရ ပူးပေါင်းမှုတွေလည်း ဘယ်လိုလုပ်နိုင်မလဲဆိုတာ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးကြရမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
မွန်ပြည်သစ်ပါတီ AD ဟာ စစ်ကောင်စီကို တိုက်ခိုက်သွားမယ်လို့ ကြေညာပြီးနောက်ပိုင်း စစ်အာ ဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းဖို့ တိုက်ပွဲဝင်နေကြဖို့ မွန်တော်လှန်ရေးအဖွဲ့တွေ၊ မွန်လက်နက် ကိုင်တပ်ဖွဲ့တွေအားလုံး အင်အားတစ်ခုတည်းဖြစ်ဖို့ မွန်ပြည်သူတွေက လိုလားကြတာဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး AD ကတော့ မွန်တွေရဲ့အင်အား မွန်မှာရှိတယ်ဆိုတာကို လက်ခံယုံကြည်ပြီး ရန်သူစစ်အာဏာရှင် ပြုတ်ကျတဲ့အထိ မွန်တွေရဲ့ အခွင့်အရေး မွန်တွေ ဖန်တီးရယူတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ နိုင်ဇေယျက မွန်ပြည်သူတွေကို နှုတ်ကတိပေးခဲ့ပါတယ်။
နိုင်ငံရပ်ခြားမှာ ရောက်ရှိနေကြတဲ့ မွန်လူမျိုးတွေအနေနဲ့လည်း မွန်ပြည်သစ်ပါတီ AD ကို ဝိုင်းရံကြဖို့နဲ့ တော်လှန်ရေးကို ထောက်ပံ့တဲ့ အင်အားတစ်ခုတည်းသာမက နိုင်ငံတကာသံတမန်စာမျက်နှာမှာ တိုက်ပွဲဝင်သွားကြဖို့ အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်တွင်းပြည်ပရှိ မွန်လူမျိုးတွေအားလုံး စစ်ဘေးရှောင်ပြည်သူတွေကို ကူညီထောက်ပံ့ကြဖို့နဲ့ ကြပ်တည်းနေတဲ့ကာလမှာ မွန်ကမွန်ကိုကူညီပြီး လူမျိုးအင်အားနဲ့ အခက်အခဲအမျိုးမျိုးကို အတူတကွ ကျော်ဖြတ်ကြပါစို့လို့ နှစ်သစ်ကူးမိန့်ခွန်းမှာ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NMSP