တီဟီရန်၊ဧပြီ ၁၉

အစ္စရေးက မိမိတို့နိုင်ငံကို အသေးငယ်ဆုံးကျူးကျော်မှု ပြုလုပ်ခဲ့မယ်ဆိုရင်တောင် တစ်နိုင်ငံလုံး ပျက်စီးသွားအောင် လုပ်ပစ်မယ်လို့ အီရန်သမ္မတက သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အီရန်ရဲ့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေ အသုံးပြုတိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်လာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်နေချိန်မှာ အီရန်သမ္မတက အစ္စရေးအနေနဲ့ မိမိတို့ရဲ့ ကြီးမားပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဧပြီ ၁၇ ရက်နေ့က ပြုလုပ်တဲ့ စစ်ရေးပြပွဲမှာ ပြောခဲ့တာပါ။

အီရန်ဗိုလ်ချုပ်နှစ်ဦးအပါအဝင်လူ ၁၂ ဦးသေဆုံးခဲ့တဲ့ ဧပြီ ၁ ရက်နေ့က ဆီရီးယားအခြေစိုက် အီရန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကို လက်စားချေတဲ့အနေနဲ့ အီရန်က အစ္စရေးကို ဧပြီ ၁၄ ရက်နေ့က ရာနဲ့ချီတဲ့ ဒုံးကျည်တွေ မောင်းသူမဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ မိမိတို့က အကန့်အသတ်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပိုကြီးမားတဲ့ တိုက်ခိုက်မှုတွေဖြစ်လာအောင် ရန်စခံရပါက အီရန်အနေနဲ့ ရှိသမျှအင်အားနဲ့ ပြန်လည်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ရိုင်စီက ပြောခဲ့ပါတယ်။

ဗြိတိန်နဲ့ ဂျော်ဒန်အပါအဝင် တခြားနိုင်ငံတွေရဲ့ အကူအညီနဲ့ အစ္စရေးက အီရန်ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းအားလုံးနီးပါးကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကာ သံကွန်ချာလေကြောင်း ကာကွယ်ရေးစနစ် အသုံးပြုပြီး ၉၉ ရာခိုင်နှုန်းအောင်မြင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်ရေးသတင်းတွေမှာတော့ အီရန်မှာ စစ်ပွဲအတွက် အသင့်အနေအထားရှိနေတဲ့ ပဲ့ထိန်းဒုံးကျည် ၃၀၀၀ လောက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အီရန်ဟာ အရင်ကနှစ်စဉ်စစ်ရေးပြပွဲတွေကို မြို့တော် တီဟီရန်တောင်ဘက် ဆင်ခြေဗုံးဒေသ တွေမှာ ပြုလုပ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ မြို့တော်ရဲ့ မြောက်ဘက် စစ်တန်းလျားတွေမှာ ပြောင်းရွှေ့ပြုလုပ်ခဲ့တာပါ။

အခုလိုနေရာပြောင်းရွှေ့ပြုလုပ်ရတဲ့ အကြောင်းရင်းကိုတော့ အီရန်အရာရှိတွေဘက်က ရှင်းလင်း ပြောဆိုတာမျိုးမရှိသေးသလို စစ်ရေးပြပွဲတွေကို နိုင်ငံပိုင်ရုပ်သံလိုင်းကလည်း တိုက်ရိုက်ထုတ် လွှင့်ပြသခဲ့တာမရှိဘူးလို့ သိရပါတယ်။

အီရန်ရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကို ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ဖို့ အနောက်တိုင်းက တိုက်တွန်းထားပေမယ့် အစ္စရေးဝန်ကြီးချုပ်ကတော့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။

Ref:Fox News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.