ဖာပွန်၊ ဧပြီ ၁၄

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဖာပွန်ခရိုင် သူးမွဲထာ(မြစ်ဆုံ)ရှိ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သံလွင်မြစ်နဲ့ သောင်ရင်းမြစ်ဆုံရာ သူးမွဲထမှာ တည်ရှိတဲ့ စစ်ကောင်စီတပ်စခန်း နှစ်ခုက စစ်ကောင်စီတပ်ဖွဲ့တွေအားလုံးဟာ ဧပြီ ၁၀ ရက်နေ့ကတည်းက စခန်းကို စွန့်ခွာထွက်ပြေးခဲ့ကြတာဖြစ်ပြီး ကောကော်ထာစခန်းဆီကို ပြန်နေကြတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

စစ်ကောင်စီတပ် စွန့်ခွာသွားခဲ့ကြတဲ့ စခန်း နှစ်ခုကို KNLA တပ်မဟာ ၅ တပ်ဖွဲ့တွေက တက်ရောက်ရှင်းလင်းခဲ့ပြီး တပ်မဟာ ၅ နယ်မြေ သံလွင်မြစ်ကမ်းနားမှာ စစ်ကောင်စီရဲ့ ကောကော်ထာတပ်စခန်းတခုသာ ကျန်ရှိတော့တယ်လို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။

“”နှစ်ခုစလုံးပဲ အဲ့ဒီမှာပြန်ဆုတ်တယ်သွားတယ်၊ ကောကော်ထာမှာ ပြန်နေကြတာပေါ့နော်။ ဒီဖက်(တပ်မဟာ ၅)ကနေ သွားပြီးတော့မှ စခန်းကိုသွားပြီးတော့ အနေအထားကိုကြည့်ပြီးတော့ ရှင်းလင်းလိုက်ပြီ” လို့ ဒုဗိုလ်မှူးကြီးက ပြောပါတယ်။

သူးမွဲထမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ သံလွင်မြစ်နဲ့ သောင်ရင်းမြစ်အတွင်း သွားလာနေကြတဲ့ အရပ်သားခရီးသွားစက်လှေတွေကို သေနတ်နဲ့ မကြာခဏ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး အဲဒီတပ်စခန်းတွေကို KNLA တပ်မဟာ ၅ က သွားရောက်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ကနေ သိရပါတယ်။

KNU ဖာပွန်ခရိုင်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ၀ိုင်းရံတိုက်ခိုက်ပိတ်ဆို့တာ၊ ရိက္ခာ ရေ လမ်းကြောင်းတွေကို ဖြတ်တောက်တာ စတာတွေကို KNLA တပ်မဟာ ၅ က လုပ်ဆောင်နေတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ မခံနိုင်တော့ဘဲ စခန်းစွန့်ခွာထွက်ပြေးနေကြရပြီး မော်ဖူးဗျူဟာ၊ လယ်ကလေးကျိုး၊ ကျူလူ စတဲ့ စစ်ကောင်စီတပ်စခန်းများ ရုတ်သိမ်းစွန့်ခွာသွားခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

လတ်တလောမှာလည်း ဖာပွန်မြို့တောင်ဘက်ခြမ်းရှိ စစ်ကောင်စီဗျူဟာအပါအဝင် ကျန်ရှိနေတဲ့ တပ်ရင်းတွေရဲ့ လမ်းကြောင်းအားလုံးကို KNLA တပ်မဟာ ၅ ပူးပေါင်းအဖွဲ့က ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပြီး စစ်ကောင်စီဖက်ကလည်း ဗျူဟာတပ်ရင်းမကျရေးအတွက် လေကြောင်းပစ်ကူတွေ နေ့စဉ် အသုံးပြုတိုက်ခိုက်နေတယ်လို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.