ပုလော၊ ဧပြီ ၁၃

တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရပါတယ်။

ဧပြီ ၁၁ ရက် ညနေ ၆ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ ပလမြို့မရဲစခန်းကို ပုလောပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ T2 Special Drone Force မှ ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ပလမြို့ရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ် ။

အဲဒီစစ်ဆင်ရေးမှာ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းရှိ အမျိုးသမီးရဲဘော် ဒရုန်းတပ်ဖွဲ့တွေ ကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုလောမြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့နဲ့ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာတွေနဲ့ နီးနီးကပ်ကပ် နေထိုင်ခြင်းမပြုကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့ကလည်း ပလမြို့ ဇာဒီရပ် ဝါးကျောင်းအနီး စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- မြိတ်ခရိုင် အမှတ် (၁)တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.