သထုံ၊ ဧပြီ ၁၀
မွန်ပြည်နယ် သထုံမြို့နယ် တံတားဦးကျေးရွာ သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြားမှာ ကျောက်တင်ရထား မိုင်းခွဲခံရတာကြောင့် ရထားတိမ်းမှောက်ပြီး စက်ခေါင်းမောင်းသူတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ ဧပြီ ၁၀ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ သထုံဘက်ကနေ ဘီးလင်းဘက်ကို ခုတ်မောင်းလာတဲ့ ကျောက်တင်ရထားဟာ သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြားမှာ မိုင်းခွဲခံခဲ့ရတာ ဖြစ်ပါတယ်။
“ရှေ့ရက်ကလည်း အဲဒီအနားဝန်းကျင်မှာ မိုင်းတွေ့သေးတယ်။ ဒီမနက် ကျောက်တင်ရထား မိုင်းခွဲခံလိုက်ရတာ၊ စက်ခေါင်းကတော့ ရထားလမ်းအောက်ရောက်သွားတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မိုင်းခွဲခံရတာကြောင့် ကျောက်တင်ရထား စက်ခေါင်းမောင်းသူ ဦးခင်ဇော် ဒဏ်ရာရရှိခဲ့ပြီး စက်ခေါင်းတွဲအပါအဝင် တွဲ ၄ တွဲလမ်းချော်တိမ်းမှောက်သွားတယ်လို့ သိရပါတယ်။
ကျောက်တင်ရထား မိုင်းခွဲခံရတာကြောင့် ရထားလမ်းပိုင်းပျက်စီးခဲ့တဲ့အတွက် ဒီနေ့ ပြေးဆွဲမယ့် မော်လမြိုင်- ရန်ကုန်၊ ရန်ကုန်- မော်လမြိုင်ရထားခရီးစဉ် ယာယီဖျက်သိမ်းထားတယ်လို့ မော်လမြိုင်ဘူတာကြီး တာဝန်ရှိသူတွေထံက သိရပါတယ်။
ကျောက်တင်ရထားမိုင်းခွဲခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့ကလည်း သထုံမြို့နယ် မိုးကောင်းကျေးရွာအနီးရှိ ရထားလမ်းချောင်းကူးတံတားပေါ်မှာ ကျောက်တင်ရထား မိုင်းခွဲခံရပြီး ရထားလမ်းပိုင်း ပျက်စီးခဲ့တဲ့အတွက် ရထားခရီးစဉ် ၄ ရက်ထက်မနည်း ဖျက်သိမ်းခဲ့ရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media