မြဝတီ၊ ဧပြီ ၁၁
တိုက်ပွဲတွေပြင်းထန်နေတဲ့ မြဝတီမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေတစ်ဆင့် လေ ယာဉ်ဗုံးကြဲတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေသလို မြေပြင်ကနေလည်း တင့်ကားတွေပါဝင်တဲ့ စစ်ကူစစ်ကြောင်းတွေ ပို့လွှတ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကရင်ပြည်နယ် မြဝတီမှာ တစ်ခုထဲသာ ကျန်ရှိနေတော့တဲ့ စစ်ကောင်စီရဲ့ ခလရ ၂၇၅ တပ်ရင်းကို ဧပြီ ၉ ရက်နေ့ကစပြီး KNLA ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲအပြင်းအ ထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့အဆက်မပြတ်ဗုံးကြဲနေခဲ့တာပါ။
အဲဒီနှစ်ဖက်တိုက်ပွဲဟာ ဧပြီ ၁၀ ရက်နေ့မှာ တနေ့လုံး ဆက်လက်ပြင်းထန်နေခဲ့ပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ခလရ ၂၇၅ ပတ်ဝန်းကျင်နဲ့ အေးသုခရွာ စိမ်းလဲ့မြိုင်ကားဝင်း ၊ ရပ်ကွက် ၆ စတဲ့ မြဝတီမြို့ပြင်နေရာတွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေတဲ့အတွက် နေအိမ်တွေ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်အရ သိရပါတယ်။
မြဝတီမြို့ပြင်နားမှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းအဖွဲ့တို့ရဲ့ နှစ်ဖက်တိုက်ပွဲကြောင့် မြဝတီမြို့တွင်းထဲမှာရှိတဲ့ မြိုခံပြည်သူတွေဟာ ထိုင်းနိုင်ငံမဲဆောက်မြို့ကို တိမ်းရှောင်နေကြပြီး ဧပြီ ၁၀ ရက်နေ့အထိ မဲဆောက်ဘက်ကိုဒေသခံတွေရဲ့ တိမ်းရှောင်ရောက်ရှိလာမှုဟာ အရင်ရက်တွေကထက် ပိုမိုများပြားလာနေတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။
မြို့ပြင်နား စစ်ကောင်စီတပ် ခလရ ၂၇၅ အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေပေမယ့် မြဝတီမြို့တွင်းထဲမှာတော့ ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့က ကင်းလှည့် နေရာယူထားတာတွေရှိနေတယ်လို့ BGFသတင်းရင်းမြစ်က ဆိုပါတယ်။
တိုက်ပွဲအခြေအနေကြောင့် မြဝတီ ဘားအံတောင်ပေါ်ကားလမ်းရဲ့ မြဝတီမြို့အဝင်အထွက်နေရာတွေမှာ ပိတ်ထားတယ်လို့လည်း သိရပါတယ်။
နှစ်ရက်ဆက် ပြင်းထန်နေတဲ့ မြဝတီတိုက်ပွဲကြောင့် နောက်ဆုံးကျန်ရှိနေတဲ့ ခလစ ၂၇၅ နဲ့ မြဝတီမြို့ မကျရေးအတွက် စစ်ကောင်စီတပ်က သထုံ-ဘားအံကနေတစ်ဆင့် ကော့ကရိတ် မြဝတီဘက်ကို ဦးတည်လာတဲ့ တင့်ကားနဲ့ စစ်ယာဉ်တန်းအများအပြားပါဝင်တဲ့ စစ်ကူစစ်ကြောင်းတွေ ဆက် တိုက်ပို့ဆောင်နေတာပါ။
တင့်ကားတန်းတွေပါဝင်တဲ့ စစ်ကောင်စီတပ်စစ်ယာဉ်တန်းတွေဟာ မြဝတီမြို့ဘက်ကို ဦးတည်ထွက်ခွာသွားနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
မြဝတီမြို့မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ထိုင်းအာဏာပိုင်တွေကလည်း နယ်စပ်မြို့ မဲဆောက်ကို လုံခြုံရေးတိုးမြှင့်ချထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ/Thai PBS