ဘူးသီးတောင်၊ ဧပြီ ၈

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် ၁၅ စစ်ဒေသကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ အမှတ် ၅၆၅ ခြေမြန်တပ်ရင်းမှ ဒုတပ်ရင်းမှူးတစ်ဦးကို လက်ရဖမ်းဆီးရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ခမရ ၅၆၅ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးဇော်ဇော်အောင်ကို  ပြီးခဲ့တဲ့ ဧပြီ ၅ ရက် ညနေ ၄ နာရီအချိန်ခန့်မှာ ဘူးသီးတောင်မြို့နယ် ဘဒနာကျေးရွာအနီးမှာ ရက္ခိုင့်တပ်တော်က လက်ရဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

DSA အပတ်စဉ် ၄၇ ကျောင်းဆင်း အသက် ၄၀ အရွယ် ဒုတပ်ရင်းမှူးဟာ ဘူးသီးတောင်အခြေစိုက် ခမရ ၅၆၄ တပ်ရင်းဌာနချုပ်အား AA က ထိုးစစ်ဆင်တိုက်ခိုက်တဲ့ စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှ တစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒဏ်ရာတွေနဲ့ ဖမ်းဆီးရမိခဲ့တဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးဇော်ဇော်အောင်ကို ရက္ခိုင့်တပ်တော် ဆေးတပ်ဖွဲ့မှ လူသားချင်းစာနာစွာဖြင့် ဆေးကုသပေးလျက်ရှိတယ်လို့ အသိပေးထားပါတယ်။

ဒါအပြင် လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရက္ခိုင့်တပ်တော်က လိုက်လံ ချေမှုန်းနေပြီး မနေ့ ဧပြီ ၇ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်းကို ချေမှုန်းနိုင်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ရခိုင်ဒေသမှာ စတင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း AA က ချင်းပြည်နယ် ပလက်ဝ အပါအဝင် မြို့ ၁၀ မြို့ကို သိမ်းပိုက်ထားပြီး တိုက်ပွဲတွေမှာ လက်နက်ချ အညံ့ခံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရာနဲ့ချီရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.