epa06491338 A military helicopter from the Myanmar Air Force fires at targets during 'Sin Phyu Shin' joint military exercises in Ayeyarwaddy delta region, Myanmar, 02 February 2018. The two-day military exercise is the biggest since 1997, involving several different armed forces. EPA-EFE/LYNN BO BO / POOL

ဖာပွန်၊ ဧပြီ ၆

ကရင်ပြည်နယ် ဖာပွန်မြို့တောင်ဘက်မှာ တော်လှန်ရေးအင်အားစုအဖွဲ့တွေ ဝိုင်းရံပိတ်ဆို့ထားတဲ့ ဗျူဟာစခန်းကုန်းနဲ့ တပ်ရင်းသုံးရင်းမကျရေးအတွက် စစ်ကောင်စီတပ် လေကြောင်းပစ်ခတ်မှုတွေ နေ့စဉ်လုပ်ဆောင်နေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

ဖာပွန်မြို့အနီးရှိ စစ်ကောင်စီလက်အောက်ခံ ခလရ ၁၉ တပ်ရင်းနဲ့ စစ်လက်နက်တပ်ရင်း ၆၄၂ တို့ကို ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ် မဟာ ၅ ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

လက်ရှိမှာ ကျန်ရှိနေတဲ့ ဖာပွန်မြို့တောင်ဘက်ခြမ်းက စစ်ကောင်စီတပ် ခမရ ၄၃၄၊ ခမရ ၃၄၀ ၊ ခမ ရ ၃၄၁ တပ်ရင်းနဲ့ ဗျူဟာကုန်းတို့ကို KNLA တပ်မဟာ ၅ ပူးပေါင်းအဖွဲ့တွေက ဆက်လက်ဝိုင်းရံပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ကျန်ရှိနေတဲ့ ဗျူဟာနဲ့ တပ်ရင်းဌာနချုပ်တွေမကျဖို့အတွက် လေယာဉ်နဲ့ နေ့စဉ် လာရောက်ပစ်ကူပေးနေတယ်လို့ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ဆိုပါတယ်။

ဧပြီ ၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဒရုန်းတွေကို အသုံးပြုပြီး ပေါင် ၅၀၀ ရှိတဲ့ ကလက်စတာဗုံးသီးတွေအပါအဝင် အခြားဗုံးသီးအလုံးများစွာကို ဖာပွန်ခရိုင်ထဲက ကျေးရွာတွေအပေါ်မှာ ကြဲချတိုက်ခိုက်နေတဲ့အတွက် လူနေအိမ်ခြေတွေများစွာ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ တပ်မဟာ ၅ က သတင်းထုတ် ပြန်ထားတာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖာပွန်မြို့ပေါ်က ဘာသာရေးအ ဆောက်အဦးဖြစ်တဲ့ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၆၀ ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖာပွန်မြို့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်ဗုံးကြဲမှုတွေကြောင့် ဘုန်းကြီးနဲ့ ကိုယ်ဝန်သည်မိခင်အပါအဝင် အရပ်သား ၉ ဦး သေဆုံးခဲ့ပြီး ၃၀ နီးပါး ဒဏ်ရာရရှိခဲ့သလို အရပ် သားပြည်သူ ၁၆၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လကစတင်ခဲ့တဲ့ ဖာပွန်မြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဖာပွန်မြို့ကို တိုက်ခိုက်ထိန်းချုပ်ထားပြီး မြို့အနီးကျန်ရှိတဲ့ စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေကို ဆက်လက်ပိတ်ဆို့ထားတာပါ။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.