ဂျရုစလင်၊ဧပြီ ၆

ဂါဇာကမ်းမြောင်ဒေသကို အကူအညီပစ္စည်းတွေ ပိုမိုဝင်ရောက်နိုင်ရေး လူသားချင်းစာနာ ထောက်ထားရေး လမ်းကြောင်း နှစ်ခုဖွင့်လှစ်ဖို့ ခွင့်ပြုထားတယ်လို့ အစ္စရေးက ပြောပါတယ်။

ဂါဇာမြောက်ပိုင်းရှိ အီရက်ဇ်ဂိတ်ကို စစ်ပွဲစတင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ဖွင့် လှစ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

အက်ရှ်ဒေါ့ဆိပ်ကမ်းကိုလည်း လူသားချင်းစာနာထောက်ထားရေးအတွက် ဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်လို့ အစ္စရေးက ဆိုထားတာပါ။

ဂျော်ဒန်နိုင်ငံက ပေးပို့မယ့် အကူအညီပစ္စည်းတွေကို ကီရမ်ရှာလွန်လမ်းကတဆင့် ဝင်ရောက်ခွင့် ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အကူအညီပေးရေးလုပ်သား ၇ ဦးသေဆုံးပြီးနောက် ပထမဆုံးအကြိမ်အနေနဲ့ အစ္စရေးဝန်ကြီး ချုပ် နေတန်ယာဟုနဲ့ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်တို့ဆွေးနွေးပြီးနောက် အစ္စရေးရဲ့ ပြောဆိုချက်ထွက်ပေါ်လာတာပါ။

ဘိုင်ဒန်က အစ္စရေးအနေနဲ့ အမေရိကန်ရဲ့ အထောက်အပံ့ဆက်လက်ရယူလိုတယ်ဆိုရင် ပြည်သူတွေ အန္တရာယ်မဖြစ်အောင်ကာကွယ်ရမှာဖြစ်ပြီး လူသားတွေထိခိုက်ခံစားမှုမရှိအောင် ကာကွယ်ရမယ်လို့ အစ္စရေးဝန်ကြီးချုပ်ကို သတိပေးခဲ့ပါတယ်။

ဒါ့အပြင် အစ္စရေးအနေနဲ့ အရပ်သားတွေ မထိခိုက်စေရေးကြိုတင် လုပ်ဆောင်မှုတွေ မလုပ်ဘူးဆိုပါက ဂါဇာနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ မူဝါဒကို ပြောင်းလဲရလိမ့်မယ်လို့ ပြောခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့က ဂါဇာမှာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း အကူအညီ ပေးရေး လုပ်သား ၇ ဦးသေဆုံးခဲ့ပြီးနောက် လူသားချင်းစာနာထောက်ထားရေးလမ်းကြောင်း တွေ ပြန်လည်ဖွင့်လှစ်ရေး ဘိုင်ဒန်က တောင်းဆိုခဲ့တာပါ။

အစ္စရေးရဲ့ ပြောဆိုချက်ကို အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီက ကြိုဆိုပြီး အခုချိန်မှာ ရာနှုန်းပြည့် အလျင်အမြန်အကောင်အထည်ဖော်ရတော့မယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း အစ္စရေးရဲ့လုပ်ရပ်တွေ အပြောင်းအလဲမရှိဘူးဆိုပါက မူဝါဒပြောင်းလဲရလိမ့်မယ်လို့ ဧပြီ ၄ ရက်နေ့က သတိပေးထားပါတယ်။

ဂါဇာမှာ အစ္စရေးစစ်တပ်ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်နေတန်ယာဟုကို နိုင်ငံတကာနဲ့ ပြည်တွင်းမှာ ဆန့်ကျင်မှုတွေရှိနေပြီး ရာထူးကနုတ်ထွက်ပေးဖို့လည်း အစ္စရေးနိုင်ငံသား ထောင်ပေါင်းများစွာက ဆန္ဒပြတောင်းဆိုနေကြပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.