မြဝတီ၊ ဧပြီ ၃
တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ သင်္ကန်းညီနောင်အခြေစိုက် ခမရ (၃၅၅) တပ်ရင်း ပြန်လည်ရရှိရေးအတွက် စစ်ကူလာတဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဧပြီ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ကန်းညီနောင်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၃၅၅) တပ်ရင်းကို ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာပါ။
အဲဒီတပ်ရင်းအား ပြန်လည်ရရှိရေးအတွက် စစ်ကူလာတဲ့ စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းတွေနဲ့ KNLA တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား မတ် ၁၅ ရက်နေ့ကနေ ၂၀ ရက်နေ့အ ထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ နောက်ထပ်စစ်ကူလာတဲ့ စစ်ကြောင်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထပ်မံသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးဟာ တိုင်းပြည်နဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ KNU က အသိပေးထားပါတယ်။
စစ်ကူစစ်ကြောင်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁ ဦး ထိမှန်သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင်အိုးအိမ်တစ်ချို့ ထိမှန်ပျက်စီးသွားခဲ့ရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိမှာတော့ သင်္ဃန်းညီနောင်ဒေသအတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရင်း ၂၅၇ နဲ့ ဗျူဟာကုန်းတို့ကို KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကနေ သိရပါတယ်။
သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU