အမ်း ၊ ဧပြီ ၂

ရခိုင်ပြည်နယ် အမ်းမြို့နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်း ကားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း့ ရက္ခိုင့်တပ်တော် AA က ဒီနေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်မှာ အရေးပေါ်ကြေညာချက် ထုတ်ပြန်ပါတယ်။

အမ်းမြို့နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့တာ၊ တပ်ရွှေ့ပြောင်းတာ၊ ရိက္ခာနဲ့ စစ်လက်နက်ခဲယမ်းတွေကို အရပ်သားကားတွေနဲ့ သယ်ဆောင်တာ၊ ကားလမ်းမတစ်လျှောက် စွန့်လွှတ်မိုင်းထောင်တာတွေ ပြုလုပ်လာပြီး တိုက်ပွဲတွေ စတင်ဖြစ်ပွားလာတာကြောင့် အမ်း-ပဒါန်းကားလမ်းကို အရေးပေါ် ပိတ်ထားလိုက်တယ်လို့ အသိပေးထားပါတယ်။

ရခိုင်ဒေသမှာ ပြီးခဲ့တဲ့နှစ် နိုင်ဝင်ဘာ ၁၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ ဒီနေ့အချိန်ထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်ရေးအရှိန်ဟာလည်း တစ်ရက်ထက်တစ်ရက် မြှင့်တက်လာတဲ့အပြင် မတ် ၂၆ ရက်နေ့မှစပြီး ရခိုင်ပြည်နယ် အမ်းနဲ့ မကွေးတိုင်းကြားမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်တို့ကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို စစ်ရေးအရ ရှုံးနိမ့်နေတဲ့အပြင် သံတမန်ရေးရာတွေမှာလည်း ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ပြည်သူလူထုတွေကို အကြမ်းဖက်ဦးတည်တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ AA က ဆိုပါတယ်။

ဒါအပြင် ပြည်သူလူထုအား စစ်မှုမထမ်းမနေရ ဥပဒေကို ခုတုံးလုပ်ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုရန်နဲ့ ပြည်သူလူထုကို အကြောက်တရား ထိုးသွင်းခြင်းတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့ပေါင်း ၉ မြို့ထက်မနည်း တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်စခန်း ရာနဲ့ချီ သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ  – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.