သံဖြုဇရပ်၊ ဧပြီ ၃
ဝေဖန်မှုတွေ အများအပြားရှိနေပေမယ့် စစ်ကောင်စီဟာ မွန်ပြည်နယ်ရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)ကို သံဖြူဇရပ်မြို့နယ်က အမှတ်(၄) တပ်မတော်တန်းမြင့်လေ့ကျင်ရေးကျောင်းမှာ စစ်မှုထမ်းသင်တန်းစပေးနေပြီလို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
စစ်မှုထမ်းအပတ်စဉ်(၁)ကို သင်္ကြန်အပြီးမှာ ခေါ်ယူမယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပေမယ့် လက်တွေ့မှာတော့ ဧပြီ ၁ ရက်နေ့ကတည်းက စစ်မှုထမ်းဆောင်ရမယ့် လူငယ်လူရွယ်တွေကို သတ်မှတ်ရက်ထက်စောပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က စုံစမ်းမေးမြန်းမှုတွေအရ စစ်မှုထမ်းအပတ်စဉ်(၁)အတွက် မွန်ပြည်နယ်ရဲ့ မြို့နယ် ၁၀ မြို့ နယ်ကနေ ခေါ်ယူခဲ့တာဖြစ်တယ်လို့သိရပြီး အဲဒီထဲမှာ ချောင်းဆုံမြို့နယ်က စစ်မှုထမ်းဆောင်ဖို့ လူဦးရေအများဆုံး ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် စစ်မှုထမ်းအပတ်စဉ်(၁) အတွက် စစ်သင်တန်းပေးမယ့် အရေအတွက် အတိအကျမသိရပေမယ့် စစ်ကောင်စီထုတ်ပြန်တဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ ရာနဲ့ချီလူငယ်လူရွယ်တွေကို အမှတ် (၄) တပ်မတော်တန်း မြင့်လေ့ကျင်ရေးကျောင်းမှာ အခမ်းအနားနဲ့ ကြိုဆိုနေတာ တွေ့ရပါတယ်။
CDM ဗိုလ်ကြီး လင်းထက်အောင်ကတော့ စစ်မှုထမ်းသင်တန်းတွေကို အသည်းအသန် လုပ် ဆောင်နေတာဟာ အချိန်တိုအတွင်း စစ်သင်တန်းပေးပြီး စစ်တိုက်ခိုင်းမယ့် သဘောဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဓိကတော့ စစ်တပ်မှာ တိုက်ခိုက်ရေး အင်အားနည်းနေတယ်။ နောက်ပြီးတော့ စစ်တပ်ရဲ့အင် အားဟာ တကယ့်ကို စုစည်းလို့မရတော့ဘူး။ တပ်ရဲ့ဖွဲ့စည်းပုံက တော်တော်ကို ပျက်သွားပြီးလို့ ကျွန်တော်တို့ ပြောလို့ရတယ်။ လအနည်းငယ်နဲ့ စစ်သင်တန်းတွေပေးမယ်။ ပြီးရင် ရှေ့တန်းတွေလွှတ်မယ်။ ပြီးရင်တိုက်ခိုင်းမယ်ပေါ့”လို့ ဆိုပါတယ်။
စစ်မှုထမ်းအပတ်စဉ်(၁)အတွက် စေလွှတ်ခံရတဲ့ လူငယ်လူရွယ်တွေကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာတွေက တစ်လလျှင် အနည်းဆုံးကျပ် ၁၀ သိန်းကနေ ၁၅ သိန်းအထိ ထောက်ပံ့ပေးနေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီခေါ်ယူခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ်(၁)မှာ ပါဝင်သူတွေဟာ ရွှေ့ ပြောင်းအလုပ်သမားတွေနဲ့ ဆင်းရဲချို့တဲ့ မိသားစုတွေထဲက အများဆုံးပါဝင်တယ်လို့ သိရပါတယ်။
ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက စစ်မှုထမ်းသင်တန်းတွေကို အလျင်စလို လုပ်ဆောင်နေတာဟာ စစ်မြေပြင်တွေမှာ အင်အားဖြည့်တင်းဖို့ ဖြစ်ပေမယ့် အတင်းအကျပ် စုဆောင်းခံရတာ၊ အခြေခံစစ်ပညာသင် အတွေ့အကြုံ အားနည်းမှုတွေကြောင့် ရေရှည်မှာ စစ်ကောင်စီအတွက် ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“အလျင်စလိုလုပ်ရတဲ့ အကြောင်းကလည်း အရင်ဆုံးစစ်မြေပြင်ကို ဒီလူတွေရောက်ဖို့က အဓိကဖြစ်နေတယ်။ အင်အားဖြည့်ဖို့အတွက်။ ဒါပေမယ့်ဒါကလည်း စစ်ပညာအခြေခံအားနည်းတာ၊ အ တွေ့အကြုံအားနည်းတာ၊ လုပ်ချင်တဲ့ ကိုင်ချင်တဲ့စိတ်မရှိဘဲ အတင်းအဓမ္မတပ်ထဲကို သွင်းခံရတာ၊ အဲဒါတွေကတော့ ရှေရှည်မှာစစ်ကောင်စီအတွက် ဆုံးရှုံးမှုတွေဖြစ်လာလိမ့်မယ်။ အကျိုးပေးမကောင်းဘူး။ အဲဒီလိုအခြေအနေမျိုးရောက်သွားလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ မွန်ပြည်နယ်မှာ ရပ်ကွက်ပေါင်း ၁၀၀ ၊ ကျေးရွာအုပ်စု ၃၆၈ အုပ်စုရှိတာကြောင့် စစ်မှုထမ်းအပတ်စဉ်(၁)ခုလျှင် အနည်းဆုံး လူငယ်လူရွယ် ၅၀၀ နီးပါး ခေါ်ယူသွားမယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ဒေသတွင်းက လူငယ်လူရွယ်တွေဟာ ပြည်ပနိုင်ငံတွေကို အလုံးအရင်းနဲ့ ထွက်ခွာသွားတာ၊ တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်တာတွေ ရှိနေပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ စစ်မှုထမ်းအပတ်စဉ်(၁)ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းနဲ့ပြည်နယ် ၉ ခုက သင်တန်းကျောင်း ၁၃ ကျောင်းမှာ စစ်မှုထမ်း သင်တန်းတွေ စပေးနေပြီလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်ချန်နယ်