ဖာပွန်၊ ဧပြီ ၂
ကရင်ပြည်နယ် ဖာပွန်မြို့ပေါ်မှာ စစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူ ၈ ဦး သေဆုံးသွားခဲ့တယ်လို့ နယ် မြေခံသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
KNU နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဖာပွန်မြို့ကို ပြီးခဲ့တဲ့ မတ် ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်နဲ့ဗုံးကြဲခံရတာကြောင့် ဖာပွန်မြို့၊ မြို့မရွှေကျောင်းရဲ့ ဆွမ်းစားဆောင်ပေါ်မှာ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် စစ်ရှောင်ပြည်သူ ၈ ဦး သေဆုံးပြီး ဆွမ်းစားဆောင်အဆောက်အဦး ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူသေဆုံးတာတွေ ဖြစ်ပေါ်ခဲ့တဲ့နောက် ကျန်ရှိနေတဲ့ ဒေသခံစစ်ရှောင်တွေဟာ မြို့မရွှေကျောင်းကနေ ပြန်လည်ထွက်ခွာခဲ့ပြီး နေရာရွှေ့ပြောင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လတတိယအပတ်ကစတင်ခဲ့တဲ့ ဖာပွန်မြို့တိုက်ပွဲအတွင်း အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ရပြီး အနည်းဆုံး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွင်းသတင်းရင်း မြစ်တွေထံက သိရပါတယ်။
ဖာပွန်မြို့အခြေစိုက် သက်တမ်းရင့်တပ်တစ်တပ်ဖြစ်တဲ့ ခလရ ၁၉ တပ်ရင်းဌာနချုပ်အပါအဝင် စစ်လက်နက် တပ်ရင်း ၆၄၂ တို့ကို မတ်လကုန်ပိုင်းမှာ KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ မဟာမိတ်ပူး ပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်များစွာကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒါ့အပြင် KNLA တပ်မဟာ ၅ မဟာမိတ်ပူးပေါင်းအဖွဲ့က ဖာပွန်မြို့ပေါ်မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီ ဗျူဟာကုန်းအပါအဝင် ခမရ ၃၄၀၊ ခမရ ၃၄၁၊ ခမရ ၄၃၄ တပ်ရင်းတို့ကိုလည်း ဆက်လက်ပိတ်ဆို့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။
ဖာပွန်မြို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူ အနည်းဆုံး ၁၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ဆေးဝါးနဲ့ စားစရာစတဲ့ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့KNU မူတြော်(ဖာပွန်) ခရိုင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Free Burma Rangers