ဖာပွန်၊ ဧပြီ ၃
ကရင်ပြည်နယ် ဖာပွန်မြို့တိုက်ပွဲအတွင်း မြို့ပေါ်မှာရှိ ဘာသာရေးအဆောက်အဦးနဲ့ စစ်ဘေးရှောင်နေရာတွေကို စစ်ကောင်စီတပ်က ပစ်မှတ်တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ပြည်သူအများပြားဟာ မြို့ကိုစွန့်ခွာပြီး အခြားနေရာဒေသတွေထံ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖာပွန်မြို့ပေါ်မှာ မတ် ၁၉ ရက်နေ့ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်စခန်းအားလုံးကို ဝိုင်းရံပိတ်ဆို့လိုက်ပြီးတဲ့နောက် နှစ်ဖက်စစ်ရေးတိုက်ပွဲတွေ ပြင်းထန်လာခဲ့တာပါ။
နှစ်ဖက်စစ်ရေးတိုက်ပွဲအတွင်းမှာ ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ ၁၉ နဲ့ စစ်လက်နက်တပ်ရင်း ၆၄၂ တို့ကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်ကလည်း ဖာပွန်မြို့ပေါ်ကို လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ် ဆောင်ခဲ့ပါတယ်။
မတ် ၃၁ ရက်က စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း ဖာပွန်မြို့ပေါ်ရှိ ရန်ဟန်းသံဃာတစ်ပါးအပါအဝင် အရပ်သား ၆ ဦးသေဆုံးခဲ့ရပြီး ၁၅ ဦး ဒဏ်ရာရကာ ထိခိုက်ဒဏ်ရာရရှိသူတွေကို လိုအပ်တဲ့ဆေးဝါးကုသ စောင့်ရှောက်ကူညီပေးမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ Free Burma Ranger အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဖာပွန်ဒေသခံ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ ဖာပွန်စစ်ရှောင်တွေ ခိုလှုံနေထိုင်တဲ့ ဖာပွန်မြို့ပေါ်က မြို့မရွှေကျောင်း ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်ခဲ့တာဖြစ်ပြီး ဗုံးကြဲမှုကြောင့် ကျောင်းဝင်းအတွင်း ခိုလှုံနေထိုင်ကြတဲ့ စစ်ရှောင်ပြည်သူ ၈ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ရှောင်ပြည်သူတွေဟာ ဘုန်းကြီးကျောင်းနေရာကနေ အခြားဘေးလွတ်ရာ နေရာဘက်ကို ရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဖာပွန်မြို့ပေါ်မှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ် ဆောင်နေတဲ့ အတွက် ဒေသခံစစ်ရှောင်ပြည်သူ အနည်းဆုံး ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ တပ်မဟာ ၅ ဘက်က ထုတ်ပြန်အသိပေးထားပါတယ်။
ဒါ့အပြင် ဖာပွန်ခရိုင်၊ ကမမောင်းမြို့ဘက်ကိုလည်း ဖာပွန်စစ်ရှောင်ပြည်သူ ၂၀၀ ဝန်းကျင် ထွက် ပြေးရောက်ရှိလာပြီး စစ်ရှောင်ပြည်သူတွေဟာ အကူအညီလိုအပ်နေသလို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေကလည်း ဝိုင်းဝန်းကူညီပေးတာတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဖာပွန်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအစာ ဆေးဝါး အမိုးအကာစတဲ့ လူသားချင်းစာနာမှုအကူအ ညီတွေ လိုအပ်လျှက်ရှိနေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရသူက ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ