ကျိုက်ထို၊ ဧပြီ ၂
မွန်ပြည်နယ် ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်နေ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ပါတယ်။
မနေ့ ဧပြီ ၁ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ အသက် ၇၀ အရွယ် ပျူစောထီးအဖွဲ့ဝင် ဦးမြအေးကို KRF နဲ့ ကျိုက်ထိုပကဖပူးပေါင်းတပ်ဖွဲ့က နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာပါ။
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးမြအေးဟာ အခင်းဖြစ်ရာနေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ကာ အ လောင်းကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ကောက်ယူသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ကတော့ ဦးမြအေးဟာ ကော့စံနိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စာရေးမတို့နဲ့ပူးပေါင်းပြီး လူငယ်လူရွယ်တွေကို စစ်မှုထမ်းခိုင်းဖို့ တစ်အိမ်တက်ဆင်း စာရင်းလိုက် လံကောက်ယူနေတဲ့အတွက် ပစ်ခတ်ရှင်းလင်းရတာလို့ ဆိုပါတယ်။
ဒ့ါအပြင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ၊ စာရေးတွေအနေနဲ့ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းမှုကို အမြန်ဆုံးရပ်တန့်ကြဖိုနဲ့ စစ်ကောင်စီလက်အောက်ခံကနေ နုတ်ထွက်ကြဖို့ သတိပေးထားပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ သေဆုံးသွားတဲ့ ဦးမြအေးဟာ ပျူစောထီးသင်တန်းဆင်းတစ်ဦး ဖြစ်သလို ညတိုင်းနီးပါး ကျိုက်ထိုထွေအုပ်ရုံးမှာ လက်နက်ကိုင်ကင်းစောင့်ပေးတာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းလှည့်ရာမှာ လိုက်ပါလေ့ရှိသူ ဖြစ်တယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် တစ်လကျော်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေ၊ စစ်ကောင်စီသတင်းပေး အမာခံ ၅ ဦးထက်မနည်း ပစ်ခတ်ရှင်းလင်းခံထားရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KRF