မော်လမြိုင် ၊ ဧပြီ ၂
အယ်လ်နီညိုရာသီဥတုကြောင့် မွန်ပြည်နယ်မှာ အပူချိန်တွေ သိသိသာသာမြင့်တက်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ အပူရှပ်အန္တရာယ် အထူးသတိထားနေထိုင်ကြဖို့ ဆရာဝန်တွေက တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လနောက်ဆုံးအပတ်ကစတင်ကာ မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ နေ့အပူချိန်တွေ ပိုမိုမြင့်တက်လာပြီး အမြင်ဆုံးအပူချိန်တွေအဖြစ် စံချိန်တင်သစ်တာတွေ ရှိခဲ့တာပါ။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မတ် ၂၆ ရက်နေ့ ထုတ်ပြန်ချက်တွေအရ မော်လမြိုင်ဟာ နှစ်ပေါင်း ၇၁ နှစ်အတွင်း အမြင်ဆုံးအပူချိန် ၃၉ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိ စံချိန်သစ်တင်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ ရေးမြို့နယ်ကနေ နှစ်ပေါင်း ၆၀ အတွင်း ၃၉ ဒသမ ၅ ဒီဂရီစင်တီဂရိတ် အပူချိန်စံချိန်ခဲ့သလို မုဒုံမြို့နယ်က ၃၉ ဒသမ ၂ ဒီဂရီစင်တီဂရိတ်အထိ နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်ပေါ်ခဲ့တာပါ။
ဒေသတွင်းမှာ အပူချိန်တွေ သိသိသာသာမြင့်တက်လာမှုနဲ့အတူ အသက်အရွယ်ကြီးရင့်သူတွေ၊ နေပူထဲသွားလာလှုပ်ရှား သူတွေနဲ့ ကလေးသူငယ်တွေမှာ အပူရှပ်တဲ့လက္ခဏာကို အခုနောက်ပိုင်း တွေ့ရှိမှု များလာတာပါ။
အခုတွေ့ရှိရတဲ့ အပူရှပ် လက္ခဏာတွေထဲမှာတော့ ဖျားနာတာ၊ နှာစေးချောင်းဆိုးဖြစ်တာ၊ လည် ပင်းနာတာ၊ ခေါင်းကိုက်တာတွေအပြင် အဲဒီရောဂါတွေနဲ့တွဲပြီး ဝမ်းကိုက်တာ၊ ဝမ်းပျက်ဝမ်းလျောဖြစ်တာတွေပါ တွေ့ လာရတယ်လို့ ဆရာဝန်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဆရာဝန်တစ်ဦးကတော့ ဒီရက်ပိုင်းအတွင်း အပူချိန်ပြင်းထန်တာကြောင့် အပူရှပ်တဲ့လက္ခဏာကို ဆိုးဆိုးရွားရွား တွေ့လာရသလို လူငယ်တွေမှာ အဖြစ်များပေမယ့် သက်ကြီးပိုင်းတွေကတော့ ရော ဂါပိုပြင်းထန်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီရက်ပိုင်းတော့ အပူချိန်အရမ်းပြင်းထန်တော့ ပုံမှန်ဖြစ်နေကြထက်ကို ဆိုးဆိုးရွားရွား အပူရှပ်လ က္ခဏာတော့ ပြင်းပြင်းထန်ထန်ဖြစ်တယ်။ ခေါင်းကိုက်တာတွေ ဆိုးဆိုးရွားရွားဖြစ်တယ်။ သက်ကြီးရွယ်အိုတွေမှာတော့ ရေဓာတ်ခမ်းခြောက်မှုဖြစ်တော့ မူးလဲတာ၊ သတိလစ်တာတွေ ဖြစ်တတ်တယ် ။ အဖြစ်များတာတော့ အခုချိန်ကတော့ လူငယ်တွေ၊ အလုပ်လုပ်နေတဲ့သူ၊ အပြင်သွားတဲ့သူတော့ အဖြစ်များတယ်။ ဒါပေမယ့်ရောဂါပြင်းထန်တာက သက်ကြီးပိုင်းတွေမှာ ပိုပြီးပြင်းထန်တယ်။ သက်ကြီးပိုင်းတွေက အိမ်မှာနေနေရင်းနဲ့ကိုလည်း အပူရှပ်လက္ခဏာတွေဖြစ်တော့ အသက်ကြီးပိုင်းမှာ ပိုပြီးအသက်အန္တရာယ် ဆုံးရှုံးတဲ့အထိဖြစ်နိုင်တယ်”လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ အပူရှပ်တဲ့လက္ခဏာ ဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ အချိန် မီပြသပြီး ကုသမှုခံယူဖို့ လိုအပ်သလို အချိန်မီကုသမှုမခံယူပါက အသက်သေဆုံးတဲ့အထိ ဖြစ်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း အပူချိန်ပြင်းထန်ပြီး အပူရှပ်ကာ သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့တာကြောင့် ပြည်သူတွေအနေနဲ့ အပူချိန် ပြင်းထန်တဲ့အချိန်မှာ သတိထားနေထိုင်ဖို့ ဆရာ ဝန်တွေက တိုက်တွန်းတာပါ။
အပူချိန်ပြင်းထန်မှုကြောင့် အပူရှပ်တာတွေ မဖြစ်စေဖို့အတွက် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ပြီး အချိန်အကြာကြီး မနေဖို့၊ မနက် ၁၀ နာရီ နောက်ပိုင်းတွေမှာ ရေမချိုးဖို့၊ အပူစုပ်တဲ့ အဝတ်အ စားတွေမဝတ်ဆင်ဖို့နဲ့ ချွေးထွက်သူတွေအနေနဲ့ ချက်ချင်းအေးခဲတဲ့ အချိုရည်တွေကို မသောက်သုံးဖို့ ဆရာဝန်က ပြောပါတယ်။
အယ်လ်နီညိုရာသီဥတုဟာ နွေရာသီကာလရှည်လျားတာ၊ အပူချိန်မြင့်မားတာ၊ စိုက်ပျိုးရေရှားပါးမှု၊ သောက်သုံးရေ မလုံလောက်တာ၊ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဆိုးဆိုးဝါးဝါးဖြစ်နိုင်တယ်လို့ သုတေသီတွေက သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media
ပုံစာ – ရန်ကုန်မြို့အတွင်း ဒေသခံပြည်သူတွေ လှုပ်ရှားသွားလာစဉ်။