ဂျေရုစလင်၊ ဧပြီ ၂

အစ္စရေးမှာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး မကျေနပ်သူတွေ ပိုများလာတာကြောင့် နိုင်ငံရဲ့ သက်တမ်းရှည် ဝန်ကြီးချုပ် နေတန်ယာဟုကို ဖြုတ်ချရေး လူထောင်ပေါင်းများစွာက ဆန္ဒပြခဲ့ကြပါတယ်။

ဂျေရုစလင်မြို့ရဲ့ အဓိက တောင်မြောက်အဝေးပြေးလမ်းမကို ပိတ်ဆိုထားတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်သုံးပြီး အနံ့ဆိုးတဲ့ အရည်တွေနဲ့ လူစုကွဲအောင်လုပ်ဆောင်ထားပါတယ်။

ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်နုတ်ထွက်ပေးရေးနဲ့ ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံ ၁၀၀ ကျော်ပြန်လွတ်မြောက်ရေးအတွက် ချက်ချင်းညှိနှိုင်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

သဘောတူညီမှုမရဘဲ စစ်ပွဲကြာရှည်နေရင် ဓားစာခံတွေ သေဆုံးသွားမှာကို ဆန္ဒပြသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေက စိုးရိမ်နေကြသလို မတ် ၃၁ ရက်နေ့ ညနေပိုင်းမှာလည်း အစ္စရေး လွှတ်တော်ရှေ့မှာ လူအများအပြားဆန္ဒပြခဲ့ကြပြီး အစ္စရေးစစ်တပ်မှာ စစ်မှုထမ်းခဲ့သူတွေပါဝင်တယ်လို့လည်း သိရပါတယ်။

နေတန်ယာဟုက နိုင်ငံကိုဘေးကင်းအောင် လုပ်ပေးနိုင်တာ သူတစ်ဦးတည်းပဲရှိတယ်လို့ ပြောခဲ့ပြီး သူ့ရဲ့ပြောဆိုချက်ကိုလည်း အများက ယုံကြည်ခဲ့ကြပေမယ့် ဟားမာ့စ်အဖွဲ့က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် လုံခြုံရေး လစ်ဟင်းမှုအတွက် နေတန်ယာဟုအပေါ် အပြစ်တင်သူတွေလည်း ရှိလာတာပါ။

လက်ရှိအချိန်မှာတော့ အစိုးရကို မကျေနပ်မှုတွေ ပိုများလာပြီး အစိုးရအဖွဲ့ထဲမှာ ကိုယ်တိုင်က ဒီမိုကရေစီရဲ့ ရန်သူတွေ ရှိနေတယ်လို့ ဆန္ဒပြသူတွေနဲ့ နေတန်ယာဟုကို ဝေဖန်သူတွေက ယုံကြည်နေတယ်လို့ သိရပါတယ်။

လုံခြုံရေးအကြီးအကဲတွေ အမှားလုပ်မိခဲ့တယ်လို့ ဝန်ခံခဲ့ပေမယ့် နေတန်ယာဟုက သူ့မှာ တာဝန် ရှိတယ်လို့ ဝန်မခံထားတဲ့အတွက် လူထောင်ပေါင်းများစွာဟာ ဒေါသထွက်ခဲ့ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြ တာပါ။

လူထောင်နဲ့ချီ ဆန္ဒပြနေပေမယ့် နေတန်ယာဟုက ရွေးကောက်ပွဲ စောစောကျင်းပနိုင်ခြေကို ပယ်ချထားပြီး ဆက်လက်တိုက်ခိုက်သွားမယ်လို့ ပြောထားပါတယ်။

ဟားမာစ့်ကို ချေမှုန်းရေး အစ္စရေးနိုင်ငံသားအများစုက သဘောထားကွဲလွဲမှု မရှိကြပေမယ့် စစ်ပွဲကို ကိုင်တွယ်ပုံ၊ဓားစာခံတွေ လွတ်မြောက်အောင် လုပ်ပေးဖို့ ပျက်ကွက်နေတာကြောင့် နေတန်ယာဟုရဲ့ ဝန်ကြီးချုပ်သက်တမ်း အဆုံးသတ်သွားနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.