အန်ကာရာ၊ ဧပြီ ၂
တူရကီနိုင်ငံမှာ အတိုက်အခံပါတီဟာ အဓိကမြို့တွေဖြစ်တဲ့ အစ္စတန်ဘူလ်နဲ့ အန်ကာရာတို့မှာ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိသမ္မတ အာဒိုဂန်ဟာ တတိယအကြိမ် သမ္မတသက်တမ်း သေချာခဲ့ပြီးနောက် တစ်နှစ်မပြည့်ခင်မှာပဲ အဲဒီမြို့တွေကိုပြန်လည်ထိန်းချုပ်ဖို့ မျှော်လင့်ထားပေမယ့် အခုရွေးကောက်ပွဲ ရလဒ်ဟာ သူ့အတွက်သိသာတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်လာတာပါ။
သူကြီးပြင်းခဲ့တဲ့မြို့ဖြစ်ပြီး မြို့တော်ဝန်လည်းဖြစ်ခဲ့တဲ့ အစ္စတန်ဘူလ်မြို့မှာ ရွေးကောက်ပွဲ အနိုင်ရရေး အာဒိုဂန် ကိုယ်တိုင်ဦးဆောင်ပြီး မဲဆွယ်ခဲ့တာဖြစ်ပေမယ့် အရင်ရွေးကောက်ပွဲမှာ အနိုင်ရဖူးတဲ့ အီကရန် အီမာမိုဂူက အတိုက်အခံပါတီ CHP အတွက် ဒုတိယမြောက်အောင်ပွဲရယူခဲ့တာဖြစ်ပါတယ်။
လူဦးရေ ၁၆ သန်းနီးပါးရှိတဲ့ တူရကီရဲ့ မီဂါစီးတီးမြို့မှာ ခေတ်သစ် တစ်ခေတ်ဖြစ်လာစေရမယ် လို့ အာဒိုဂန်က ကတိပေးခဲ့ပေမယ့် အစ္စတန်ဘူလ်မြို့ရဲ့ လက်ရှိမြို့တော်ဝန်ဟာ သမ္မတရဲ့ AK Party ကိုယ်စားလှယ်လောင်းထက် မဲ ၁၀ ရာခိုင်နှုန်းအသာနဲ့ အနိုင်ရမယ့် လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၁ နှစ်က အာဏာရလာတဲ့ အာဒိုဂန်ရဲ့ပါတီ ဒေသတွင်းရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့တာ အခုအကြိမ်ဟာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။
မြို့တော် အန်ကာရာမှာလည်း အတိုက်အခံ ကိုယ်စားလှယ်လောင်း မာဆောယာဗက်စ်က ပြိုင်ဘက်ကို အနိုင်ရကြောင်း ကြေညာထားသလို CHP ပါတီဟာ တူရကီရဲ့ တခြားမြို့ကြီးတွေမှာလည်း အနိုင်ရနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ သိရပါတယ်။
အသက် ၇၀ အရွယ် သမ္မတအာဒိုဂန်က ရွေးကောက်ပွဲတွေဟာ သူမျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘူးလို့ ဝန်ခံထားပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ မစ္စတာ အာဒိုဂန်က သူ့ရဲ့သမ္မတသက်တမ်းဟာ ၂၀၂၈ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်တဲ့အတွက် ဒီမဲဆွယ်မှုဟာ သူ့ရဲ့ နောက်ဆုံးမဲဆွယ်မှုဖြစ်တယ်လို့ ပြောထားပါတယ်။
၂၀၂၈ တူရကီရွေးကောက်ပွဲကို အီကရမ်နဲ့ မန်ဆောယာဗက်စ်တို့ ၂ ဦးလုံးရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
Ref:BBC