ကျိုက်မရော ၊ မတ် ၂၉

ကော့ဘိန်းရဲစခန်း လက်လွှတ်ပြီးနောက် စစ်ကောင်စီတပ်ရဲ့ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုကြောင့် ဂျိုင်းမြစ်ဒေသတွင်းက စစ်ဘေးသင့်ပြည်သူတွေကို အချင်းချင်းရိုင်းပင်းကူညီကြဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးကြဖို့ မွန်တော်လှန်ရေးအင်အားစုတွေ တိုက်တွန်းလိုက်ပါတယ်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်ဒေသတွင်းရှိ ဓမ္မသကျေးရွာကို စစ်ကောင်စီက မတ် ၂၇ ရက်နေ့မှာ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းတို့ကနေ တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ် ခတ်ခဲ့တာကြောင့် အရပ်သားနေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ရတာပါ။

စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဓမ္မသရွာအပါအဝင် အနီးအနားကျေးရွာက ပြည်သူပေါင်း ၆၀၀၀ ကျော်ဟာ စစ်ဘေးရှောင်နေရပြီး အတိဒုက္ခရောက်ကြရကာ အများစုမှာ မွန်လူမျိုးတွေဖြစ်ကြတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက အသိပေးထားပါတယ်။

လက်ရှိကာလမှာ စစ်တပ်ရဲ့လုပ်ရပ်ကြောင့် ဒုက္ခရောက်ရှိကာ အိုးအိမ်မဲ့တဲ့ ပြည်သူတွေကို မွန်ပြည်အတွင်းနဲ့ ပြည်ပမှာရှိတဲ့မွန်ပြည်သူတွေအပါအဝင် နိုင်ငံတွင်းကပြည်သူတွေနဲ့နိုင်ငံတကာအဖွဲ့အ စည်းတို့ကနေ လူသားချင်း စာနာမှုအကူအညီပေးအပ်ဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက တိုက်တွန်းထားတာပါ။

ဓမ္မသကျေးရွာ မီးလောင်နေချိန်အတွင်း အနီးအနားကျေးရွာတွေက မီးသတ်ကားတွေရဲ့ လာရောက်ကူညီပေးမှုအပေါ် စစ်ကောင်စီတပ်ကနေ တားမြစ်ထားပြီး လူသားမဆန်စွာ ခွင့်မပြုခဲ့မှုကိုလည်း ပြင်းထန်စွာရှုတ်ချတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ဆိုပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီပြောခွင့်ရ နိုင်မွန်စိုင်းက တော်လှန်ရေး ကြီးထွားလာမှုအပေါ် စစ်အာ ဏာရှင်က ပိုပြီးကြောက်ရွံ့လာတဲ့အတွက် လူထုတွေကို ပစ်မှတ်ထားတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီကနေ့ ကျွန်တော်တို့အားလုံးက စစ်အာဏာရှင်စနစ်ကို မလိုလားကြတော့ပါဘူး။ ဘယ်သူမှလည်း ဒီစနစ်မျိုးနဲ့ နေချင်တဲ့စိတ်တွေ မရှိတော့ပါဘူး။ ဒါကြောင့်လည်းပဲ တော်လှန်ရေးက တစ်နေ့တခြား ကြီးထွားလာတာဖြစ်တယ်။ ဒီအပေါ်မှာ စစ်အာဏာရှင်က သူတို့ပိုပြီးကြောက်ရွံ့လာတယ်။ ဒါကြောင့်လည်းပဲ သူတို့လုပ်နေကျထုံးစံအတိုင်း တော်လှန်ရေးအဖွဲ့တွေနဲ့ရင်ဆိုင်ပြီး မတိုက်ခိုက်ရဲတော့ဘဲနဲ့ နည်းလမ်းမျိုးစုံအသုံးပြုပြီး ပြည်သူလူထုတွေကို ပစ်မှတ်ထားနေတာ ဖြစ်တယ်”လို့ ဆိုပါတယ်။

မတ် ၂၈ ရက်နေ့ မနက် ၅ နာရီကျော်မှာလည်း ဂျိုင်းမြစ်‌ဒေသအတွင်းရှိ ကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျိုက်မ‌ရောမြို့နယ်ရှိ အံကစင်ရွာက အရပ်သားနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ဂျိုင်းမြစ်တစ်ဘက်ကမ်း ခရားအပြင်နဲ့ သံလှယ်ကျေးရွာကနေ မြစ်ကြောင်းကူးပြီး နီးစပ်ရာရွာအနီးမှာ တပ်စွဲထားသလို ခရုံဂူလမ်းကနေတဆင့် တရနာကျေး ရွာအတွင်းမှာလည်း ဝင်ရောက်တပ်စွဲထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ဂျိုင်းမြစ်အတွင်း တရနာကျေးရွာနဲ့ သံကလောင်ကျေးရွာကြား မြစ်ကမ်းနားမှာ တာဝေးပစ်အမြောက်တွေတပ်ဆင်ထားတဲ့ စစ်သင်္ဘောနှစ်စီးထက်မနည်းရှိနေပြီး တပ်ချထားတာပါ။

စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက စစ်ကောင်စီဘက်ကနေ ကုန်း၊ရေ၊လေ တိုက်ခိုက်မှုတွေကြောင့် ဂျိုင်းမြစ်ဒေသခံ ထောင်နဲ့ချီ စစ်ဘေးသင့်ခဲ့ရမှုအပေါ် လူသားချင်းစာနာမှုအကူအညီတွေ ပေးနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခု (လက်ခံထားသူ) ၁၀၀ ကျော်ကျော် ၂၀၀ ဝန်းကျင် ရှိနေတယ်။ ကျွန်တော်တို့ လူမှုကယ်ဆယ်ရေး ဘားအံမြို့မှာ ခေါ်ထားတုန်းပဲ။ မော်လမြိုင်သွားတဲ့သူတွေ သွားပို့တယ်။ ခရားအတွင်း ကော့ယက္ခ ဘယ်သွားသွား ကျွန်တော်တို့ ပို့ပေးတယ်။ ဒီနေ့ဆိုရင် အခြေအနေပိုဆိုးတယ်။ ဓမ္မသရွာမှာ ကျွန်တော်တို့ ခရားဘက်ကို (ဂျိုင်းမြစ်ကနေ) ကူးတယ်။ ကုန်းလမ်းကူးဖို့ မရှိဘူး၊ ဒီဘက် (မြစ် ကြောင်း) တစ်လမ်းပဲရှိတယ်”လို့ ဆိုပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ကတော့ စစ်ကောင်စီကြောင့် စစ်ဘေးဒဏ်နဲ့ နေအိမ်ပျက်ဆီးဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို အချင်းချင်းကူညီရိုင်းပင်းကြဖို့နဲ့ အခုကာလမှာ ပျောပွဲရွှင်ပွဲတွေနဲ့ ဂီတဖျော်ဖြေပွဲတွေကို အတတ်နိုင်ဆုံး ကျင်းပတာမလုပ်ဖို့ ပြည်သူတွေကို တောင်းဆိုထားတာပါ။

ဒါ့အပြင် မွန်တွေရဲ့ ရပိုင်ခွင့်တွေကို တားဆီးပိတ်ပင်နေတဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါတွေ မွန်မြေပေါ်ကနေ အမြန်ဆုံးပျောက်ကွယ်သွားဖို့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို စုပေါင်းတော်လှန်သွားကြဖို့ NRFF က တိုက်တွန်းထားပါတယ်။

NRFF အဖွဲ့ဝင်တစ်ဦးကတော့ “ကျွန်မတို့ ဒီကာလမှာ ကျွန်မတို့ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ကာလမို့လို့ ကျွန်မတို့ ပြည်သူတွေ မွန်လူထုတွေအားလုံးကနေပြီး ရတဲ့နည်းလမ်းကနေ နိုင်တဲ့ဘက်ကနေပြီးတော့ ဒီလိုမျိုးလူမဆန်တဲ့လုပ်ရပ်ကို ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတွေကို ကျွန်မတို့အတူတူ တိုက်ပွဲဝင်သွားဖို့ အဖွဲ့အနေနဲ့ အလေးနက်ထားပြီး မှာကြားချင်ပါတယ်” လို့ ဆိုပါတယ်။

ဂျိုင်းမြစ်ဒေသတွင်း တိုက်ပွဲဟာ မွန်နဲ့ကရင်အစပ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းနယ်မြေရဲစခန်းကို မွန်၊ကရင်နဲ့ PDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေ မတ် ၂၄ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ပြီး မတ် ၂၅ ရက်နေ့မှာ စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် စစ်ကောင်စီက အင်အားတိုးစစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

မွန်နဲ့ ကရင်ဒေသတွင်းက ဂျိုင်းမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာ ၁၀ ရွာထက်မနည်းမှာ နေထိုင်ကြတဲ့ အရပ်သားပြည်သူတွေကတော့ နှစ်ဘက်တိုက်ပွဲ ပိုမိုပြင်းထန်လာမှာ စိုးတဲ့အတွက် ဘေးလွတ်ရာ ကျေးရွာတွေနဲ့ နီးစပ်ရာ မြို့ပေါ်တွေမှာ တိမ်းရှောင်နေကြရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.