နေပြည်‌တော် ၊ မတ် ၂၈

မတ် ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ၇၉ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို စစ်အုပ်စုက တပ်မ တော်နေ့အဖြစ် သတ်မှတ်ခေါ်ဝေါခဲ့မှုအပေါ် မွန်နဲ့တနင်္သာရီ လူငယ်အင်အားစုတွေ ပူး‌ပေါင်းအားနဲ့ ဆန့်ကျင်ကန့်ကွက်လာပါတယ်။

မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းအရ မတ် ၂၇ ရက်နေ့ဟာ ဖက်ဆစ်တော်လှန်ရေးကို စတင်ခဲ့တဲ့ နေ့ရက်ဖြစ်ပြီး စစ်အုပ်စုကနေ သမိုင်းဖျောက်ဖျက်ဖို့ ရည်ရွယ်ကာ တပ်မတော်နေ့လို့ နှစ်ပေါင်းများစွာ ဝါဒမှိုင်းသွင်း သတ်မှတ်ခဲ့တာ ဒီကနေ့အထိ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီလို့ ဆိုပါတယ်။

ဒါကြောင့် စစ်အုပ်စုကနေ ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းအ ပေါ် မွန်နဲ့တနင်္သာရီလူငယ်အင်အားစုတွေက ဘယ်သောအခါမှ အသိမှတ်ပြုလက်ခံတာ မရှိခဲ့ဘူးလို့ အသိပေးထုတ်ပြန်လာတာပါ။

တနင်္သာရီဒေသက လူငယ်အင်အားစုမှာပါဝင်နေတဲ့ မအိအိလင်းက “ဒါက စစ်အုပ်စုကနေ သတ် မှတ်ထားသလို တပ်မတော်နေ့မဟုတ်ဘူး။ ကျွန်မတို့အတွက်က ဖက်ဆစ်ကိုဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ဖက်ဆစ်တော်လှန်‌ရေးနေ့ဖြစ်တယ်။ အဲဒီလိုပဲ လက်ခံတယ်။ တပ်မတော်နေ့ဆိုတာကို လက် မခံဘူး။ အဲဒီအတွက်ကြောင့် ကျွန်မတို့ ဆန့်ကျင်ကန့်ကွက်ရတာဖြစ်တယ်။ ဒါက စစ်အုပ်စုရဲ့ နှစ်ပေါင်းများစွာ ကျွန်မတို့ကို သမိုင်းအမှားတွေနဲ့ ဝါဒမှိုင်းဖျက်တဲ့သဘောဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကျွန်မတို့က တပ်မတော်နေ့ဆိုတာကို မွန်နဲ့တနင်္သာရီမှာရှိတဲ့ လူငယ်အင်အားစုတွေအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်တာဖြစ်တယ်”လို့ ဆိုပါတယ်။

ဖက်ဆစ်သဖွယ်ပြုမှုတဲ့ စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်ပါးစေတွေရဲ့ နိုင်ငံတစ်ဝှမ်း လူထုအပေါ် မတရား ဖမ်းဆီးညှင်းပန်းနှိပ်စက်မှုတွေနဲ့ လူမဆန်စွာ သတ်ဖြတ်မှုတွေကို မွန်နဲ့တနင်္သာရီ လူငယ်တွေရဲ့ စု ပေါင်းအင်အားနဲ့ ပြင်းပြင်းထန်ထန်ဆန့်ကျင်တာ ဖြစ်ပါတယ်။

မွန်နဲ့တနင်္သာရီဒေသတွင်း လူငယ်အင်အားစုတွေမှာတော့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ၊ ထုဆစ်မျှော်ရည် တနင်္သာရီ၊ အဝေးရောက်သွေးချင်းများကွန်ယက်၊ ထားဝယ်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ၊ တနင်္သာရီလူမျိုးပေါင်းစုံ ကွန်ဂရက်စတဲ့ အဖွဲ့အစည်း ၉ ဖွဲ့တို့ ဖြစ်ပါတယ်။

မွန်နဲ့ တနင်္သာရီဟာနယ်နိမိတ်ထိစပ်နေပြီး ပထဝီအနေအထားနဲ့စစ်ရေးအရ အရေးပါတဲ့ ဒေသဖြစ်တဲ့အတွက် မတ် ၁၉ နဲ့ ၂၃ ရက်နေ့တွေမှာ မွန်နဲ့ တနင်္သာရီက မဟာမိတ်ပူးပေါင်းတပ်တွေက ရေး-ထားဝယ်လမ်းပိုင်း မလွှဲတောင်နဲ့ ကလိန်အောင်အကြား ပူးပေါင်းတိုက်ခိုက်မှုတွေလည်း ရှိခဲ့တာပါ။

ဒါ့အပြင် ရေဖြူမြို့နယ် မင်းသားကျေးရွာ ပျူစောထီးစခန်းကို ပူးပေါင်းစစ်ဆင်ရေးနဲ့ တိုက်ခိုက်သိမ်းပိုက်မှုလုပ်ဆောင်နိုင်ခဲ့ကြတာကို ကြိုဆိုတယ်လို့ မွန်တနင်္သာရီ လူငယ်အင်အားစုတွေက ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းရာမှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ အခုလို နယ်နမိတ်အနေနဲ့ ထိစပ်နေတဲ့ ဒေသတွေကြား ဗျူဟာကျတဲ့ စစ်ရေးအရ ပူးပေါင်းဖော်ဆောင်မှုတွေ ထပ်မံတိုးမြှင့်လာစေဖို့လည်း တိုက်တွန်းပါသေးတယ်။

နယ်နမိတ်အနေနဲ့ ဆက်စပ်နေတဲ့ ဒေသတွေကြား နိုင်ငံရေးနဲ့ စစ်ရေးပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာဖို့ အရေးကြီးတယ်လို့ မွန်နဲ့တနင်္သာရီ လူငယ်အင်အားစုတွေက ရှုမြင်ထားတာ ဖြစ်ပါတယ်။

လူမျိုးစုအသီးသီးမျှော်ရည်တဲ့အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေးအတွက် ဒေသအတွင်း စုပေါင်းခေါင်းဆောင်မှု၊ ညီညွတ်မှု တည်ဆောက်ဖို့ အရေးကြီးတဲ့ အချိန်ခါလို့ ဆိုပါတယ်။

ဆက်စပ်ဒေသတွေနဲ့လည်းနိုင်ငံရေး စစ်ရေးပူးပေါင်းမှုတွေကို လုပ်ဆောင်နိုင်မှသာ မတူကွဲပြားတဲ့လူမျိုးစု အသီးသီးကြား ငြိမ်းချမ်းပြီးသဟဇာတဖြစ်တဲ့ လူ့အသိုက်အဝန်းကို ဖန်တီးဖော်ဆောင်နိုင်မယ်လို့ မွန်နဲ့တနင်္သာရီ လူငယ်အင်အားစုတွေက ပူးပေါင်းသဘောထားအဖြစ် တိုက်တွန်းနှိုးဆော်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.