ဘားအံ၊ မတ် ၂၅

KNU သထုံခရိုင်အုပ်ချုပ်နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ် ဘားအံမြို့နယ် မင်းစောကျေးရွာကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရပြီး စာသင်ကျောင်းအပါအဝင်နေအိမ် ၁၇ လုံး ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့က မှော်ဘီလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ လေယာဉ်တစ်စီးဟာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မင်းစောကျေးရွာထဲကို ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် မင်းစောကျေးရွာရှိ ကော်သူးလေးအလယ်တန်းကျောင်းဆောင် ၃ လုံး၊ သာသနာ့အဆောက်အဦး ၂ လုံး၊ အရပ်သားနေအိမ် ၁၁ လုံးနဲ့ နှမ်းဆီကြိတ်စက်ရုံငယ် ၁ လုံး ထိခိုက်ပျက်စီးပြီး အရပ်သား တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လေကြောင်းကနေ ဗုံးကြဲတာမလုပ်ခင် ပြီးခဲ့တဲ့ ၃ ရက်ကတည်းက စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်နဲ့ ကင်းထောက်တာတွေ ရှိခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားခြင်းများမရှိဘဲ ရည်ရွယ်ချက်ရှိရှိ အပြစ်မဲ့ပြည်သူအရပ်သားတွေကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့တိုက်ခိုက်ခဲ့တာလို့ KNU က ဆိုပါတယ်။

လေကြောင်းပစ်ခတ်မှုကြောင့် မင်းစောကျေးရွာနေ ရွာသူ၊ရွာသားတွေဟာ ရွာထဲမှာ မနေရဲတော့ဘဲ ကြောက်ရွှံ့ထိတ်လန့်မှုတွေကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းကလည်း သထုံမြို့နယ် ပုရစ်ခိုကျေးရွာရှိ KNU တပ်မဟာ ၁ သထုံခရိုင်ဌာနချုပ် ရုံးဟောင်းနေရာကို စစ်တပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရုံးအဆောက်အဦးတချို့ ပျက်စီးခဲ့သေးတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.