နေပြည်တော် ၊ မတ် ၂၆
နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး တိုက်ပွဲတွေအတွင်း အရေးနိမ့်လာနေတဲ့ စစ်ကောင်စီဟာ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းပြီး မြို့နယ်ပေါင်း ၁၇၂ မြို့ မှာ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းလာနေပါတယ်။
သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်ဝင်ကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကြေညာပြီးနောက် ပိုင်း စစ်ကောင်စီက အဲဒီဥပဒေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်လာနေတာပါ။
မတ် ၂၂ ရက်နေ့အထိ Data for Myanmar ကနေ စုစည်းထားတဲ့ အချက်အလက်တွေအရ မြို့နယ်ပေါင်း ၁၇၂ မြို့နယ်မှာ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ စာရင်းကောက်ယူတာ၊ မဲနှိုက်ရွေးချယ်တာ၊ စစ်မှုထမ်းအသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အဲဒီထဲမှာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်အများစုနဲ့ လူဦးရေများတဲ့ ဧရာဝတီ တိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအပါအဝင် ကျန်တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်တွေမှာလည်း စတင်အကောင်အထည်ဖော်နေတာပါ။
တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေထဲက တချို့မြို့နယ်တွေမှာတော့ မြို့ပေါ်ရပ်ကွက်တွေနဲ့ နီးစပ်ရာ ကျေးရွာကိုသာ ဦးစားပေးလုပ်ဆောင်နေပြီး စစ်မှုထမ်းဥပဒေအတွက် နည်းဥပဒေကိုတော့ တရား ဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒီအတွက်ကြောင့် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်အပေါ် ပြည်သူတွေက ဝေဖန်ကန့်ကွက်မှုတွေလည်း ထွက်ပေါ်နေတာလို့ Data for Myanmar က ဆိုပါတယ်။
တစ်ဘက်မှာတော့ စစ်မှုထမ်း အသက်အရွယ်အကျုံးဝင်သူတွေကို စာရင်းကောက်ယူတဲ့ လုပ်ငန်း စဉ်မှာ အဓိကလုပ်ဆောင်ပေးရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ဝန်ထမ်းတွေ ရာအိမ်မှူးတွေကို တော်လှန်ရေးအဖွဲ့တွေက ရှင်းလင်းတာတွေလည်း ရှိနေပါတယ်။
သံလွင်တိုင်းမ်ကနေ လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ မတ် ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့ အထိ မန္တလေး၊မကွေး၊စစ်ကိုင်း၊ပဲခူး၊ရခိုင်နဲ့ မွန်ပြည်နယ်တို့မှာ စစ်မှုထမ်းဖို့ စာရင်းကောက်ယူတာနဲ့ နှိုးဆော် တာတွေ လုပ်နေတဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ထွေအုပ်စာရေး ၁၀ ဦးထက်မနည်း ပစ်သတ်ခံရပြီး သေဆုံးခဲ့ရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ကတော့ ဒေသတွင်းရှိ အရပ်သားတွကို အတင်းအကျပ် စစ်မှုထမ်းခိုင်းဖို့ လုပ်ဆောင်လာရင်တော့ စစ်ကောင်စီလက် အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေကို လိုအပ်တဲ့ အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI