ရေး၊ မတ် ၂၆
မွန်ပြည်နယ် ရေးမြို့နယ် စုံနံသာရွာနဲ့နှင်းစုံကျေးရွာကြားရှိ စစ်ကောင်စီရဲ့ ခံသင်းတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရေးဘီးလူအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်တို့ တပ်စွဲထားတဲ့ ခံသင်းတံတားဂိတ်ကို မတ် ၂၅ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ရေးဘီးလူအဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။
အချိန်တစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုအတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တာပါ။
ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၅ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က သူရဲ့လူမှုကွန်ရက်ဖော့ဘုတ်စ် စာမျက်နှာမှာ ရေးသားထားပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် ရေးအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်က လက်နက်ကြီးပစ်ကူပေးခဲ့တဲ့အတွက် ခံသင်းတံတားဝန်းကျင် ရော်ဘာခြံတွေအတွင်း ကျရောက် ပေါက်ကွဲတာတွေ ရှိခဲ့ပါတယ်။
အဲဒီတိုက်ပွဲကြောင့် စုံနံသာကျေးရွာ ရေး-သံဖြူဖရပ်လမ်းပိုင်း ယာယီပိတ်ထားခဲ့ရပြီး မနက် ၁၀ နာ ရီအချိန် ခန့်မှာတော့ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြပြီလို့ ဒေသခံတွေထံက သိရပါတယ်။
ခရီးသွားပြည်သူတွေကနေ ငွေကြေးအဆမတန် တောင်းခံနေတဲ့ ခံသင်းတံတားဂိတ်ဟာ အာဏာ သိမ်းကာလအတွင်း ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရပြီး ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ရေးဘီလူး