မော်စကို၊ မတ် ၂၂

ခရိုင်းမီးယားဒေသမှာ ရုရှားသမ္မတ ဗလာဒီမာပူတင် တန်ဖိုးထားတဲ့ ရေတပ်သင်္ဘောအုပ်စုတွေကို ယူကရိန်းဘက်က ထိထိရောက်ရောက်တိုက်ခိုက်နေတာကြောင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်ဖို့ ရေတပ်အကြီးအကဲအသစ်တစ်ဦး ခန့်အပ်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က ခရိုင်းမီးယားရေယာဉ်အုပ်စုရဲ့ တပ်မှူးအဖြစ် တစ်နှစ်ကြာ တာဝန်ယူ ခဲ့တဲ့ ရေတပ်ဗိုလ်ချုပ် အလက်ဇန်းဒါး မွိုက်ဆီကို ပူတင်ရဲ့ မွေးရပ် စိန့်ပီတာစဘက်မြို့မှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ရေတပ်ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်တာပါ။

ပူတင်ရဲ့ တပ်ဖွဲ့တွေဟာ ယူကရိန်းမြေမှာ အောင်ပွဲတွေရရှိနေပေမယ့် ပင်လယ်နက်ရှိ ရုရှား ရေတပ်သင်္ဘောအုပ်စုကို ယူကရိန်းက တာဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်မှုကြောင့် သင်္ဘောလေးပုံ တစ်ပုံလောက် ဆုံးရှုံးလိုက်ရတယ်လို့ သိရပါတယ်။

ခရိုင်းမီးယားဒေသမှာ ဆယ်စုနှစ်နဲ့ချီပြီးချထားတဲ့ တခြားသင်္ဘောတွေဟာလည်း ကုန်းတွင်းပိုင်း ရေပိုင်နက်ထဲကို ပြန်ပြောင်းရွှေ့သွားပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ယူကရိန်းရဲ့ တိုက်ခိုက်မှုကြောင်း ရုရှားပင်လယ်နက်ရေတပ်ဌာနချုပ် ပျက်စီးသွားပြီး ယူကရိန်းတပ်တွေဟာ ဗြိတိန်ထောက်ပံ့ထားတဲ့ Storm Shadow တာဝေးပစ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီလအစောပိုင်းက နောက်ဆုံးတိုက်ခိုက်မှုမှာလည်း ယူကရိန်းဟာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရုရှားကင်းလှည့် သင်္ဘောတစ်စီး ပျက်စီးသွားခဲ့တာပါ။

ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကို တားဆီးကာကွယ်နိုင်စွမ်းမရှိတဲ့ ရေတပ်ဦးစီးချုပ်ကို အခုလဆန်းပိုင်းက ထုတ်ပယ်ခဲ့ပြီးနောက် ပူတင်ဟာ မွိုက်ဆီကို အစားထိုးခန့်အပ်ခဲ့တာဖြစ်ပြီး သူဟာ ရုရှားရေတပ်မှာ ရာထူးအလျင်အမြန် တိုးတက်လာသူဖြစ်ပေမယ့် ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

စစ်ရေးလေ့လာသုံးသပ်သူတွေကတော့ မွိုက်ဆီဟာ ရုရှားရေငုပ်သင်္ဘောတပ်မှူးတစ်ဦး ဖြစ်တဲ့အတွက် လျှော့တွက်လို့ရမှာမဟုတ်ဘူးလို့ သတိပေးထားပါတယ်။

Ref:The Independent

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.