သရက်ချောင်း၊ မတ် ၁၉

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကျောက်ဆည်ကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးစခန်းတစ်ခုကို ဒီနေ့ မတ် ၁၉ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အင်အား ၁၅ ဦးနီးပါး တပ်စွဲနေထိုင်တဲ့ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် ဖွဲ့တွေက ဒီနေ့ မနက် ၄ နာရီကျော်အချိန်က စတင်တိုက်ခိုက်ခဲ့ရာ မနက် ၁၀ နာရီအချိန်ခန့်မှာ စခန်းတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း ပျူစောထီးအဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ကျန်ပျူစောထီးအဖွဲ့ဝင်တွေ ထွက်ပြေးသွားတဲ့အတွက် စခန်းတစ်ခုလုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်ဆင်ရေးမှာ ပါဝင်တဲ့ PDF ရဲဘော် တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ပျူစောထီးအဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၈ လုံး၊ စကားပြောစက် ၄ လုံးနဲ့ ကျည်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီအထိုင်စခန်းတွေကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ဝင်းဝကျေးရွာမှာရှိတဲ့ စစ်ကောင်စီ ဝင်းဝရဲစခန်းနဲ့ စစ်ဆေးရေးဂိတ် ၂ ရက်ဆက် ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – သရက်ချောင်း PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.