သထုံ၊ မတ် ၁၈
မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းကျေးရွာအနီးရှိ ပေါင်းကူးတံတားမှာ ဒီနေ့ မတ် ၁၈ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်က ကျောက်တင်ရထားတစ်စီး မိုင်းခွဲခံရလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သထုံမြို့နယ်ကနေ ဘီးလင်းမြို့နယ်ထဲ ထွက်ခွာလာတဲ့ ကျောက်တင်ရထားဟာ ရထားလမ်းချောင်းကူး တံတားပေါ်အရောက်မှာ မိုင်းခွဲခံလိုက်ရတာ ဖြစ်ပါတယ်။
မိုင်းခွဲခံရတာကြောင့် အရှည်ပေ ၂၀ နီးပါးရှိတဲ့ ပေါင်းကူးတံတားရဲ့ ရထားသံလမ်းပျက်စီးခဲ့သလို ကျောက်တင်ရထားတွဲ ၅ တွဲတိမ်းမှောက်ကာ ၂ တွဲလမ်းချော်သွားတယ်လို့ သိရပါတယ်။
ကျောက်တင်ရထား မိုင်းခွဲခံရပြီးနောက် ရန်ကုန်-မော်လမြိုင်ရထားလမ်း အသုံးပြုလို့မရတော့တဲ့အတွက် ရထားခရီးစဉ်တွေ ယာယီရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မိုင်းခွဲခံရတဲ့ ရထားလမ်းပိုင်းကို မီးရထားဝန်ထမ်းတွေ ပြင်ဆင်တာတွေ လုပ်ဆောင်နေပြီး စစ်ကောင်စီတပ်ဘက်က လုံခြုံရေးယူပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တင်ရထားမိုင်းခွဲခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုအဖွဲ့တွေကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
မွန်ပြည်နယ် သထုံခရိုင်မှာ အာဏာသိမ်းကာလအတွင်း ကုန်တင်ရထားနဲ့ ကျောက်တင်ရထားတွဲတွေ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံနေရပြီး ထိခိုက်ပျက်စီးတာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media