ရသေ့တောင်၊ မတ် ၁၈

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့တစ်ခုလုံး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

ရသေ့တောင်မြို့ အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၃၆၊ ၅၃၇ နဲ့ ၅၃၈ တပ်ရင်းတွေကို AA က မတ် ၁၇ ရက်နေ့ ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ခုခံစစ်တွေနဲ့ အပြင်းအထန် ခုခံနေတဲ့ကြားမှ အဲ့ဒီတပ်ရင်း ၃ ခုစလုံးကို ရက္ခိုင့်တပ်တော်က အချိန်နှစ်ပတ်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် သိမ်းယူနိုင်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀၀ နီးပါး စစ်သင်္ဘောနဲ့ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားတဲ့အပြင် စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ပြီး စစ်သင်တန်းပေးထားတဲ့ ဘင်္ဂလီအချို့ရဲ့ အလောင်းနဲ့ စစ်ကောင်စီတပ်သား အလောင်း၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါအပြင် ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ၊ ခမရ-၅၅၂ တပ်ရင်းကိုလည်း အပြီးသတ် သိမ်းပိုက်ဖို့အတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့် ဆက်လက်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။  

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ ခုရှိတဲ့အနက် ရက္ခိုင့်တပ်တော်က ချင်းပြည်နယ် ပလက်ဝ အပါအဝင် ရခိုင်ဒေသက မြို့ ၉ မြို့ကို သိမ်းပိုက်ထားပြီး ရခိုင်ပြည်နယ်ရဲ့ မြို့တစ်ဝက်နီးပါးကို AA က အပြီးသတ်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.