ဒူဘိုင်း၊ မတ် ၁၆

ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်အဖွဲ့ဟာ အသံထက်မြန်တဲ့ ဒုံးကျည်ပိုင်ဆိုင်ထားပြီလို့ ရုရှား သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဂါဇာမှာ ဟားမာ့စ်အဖွဲ့ကို ရှင်းလင်းဖို့ ကြိုးပမ်းနေတဲ့ အစ္စရေးကို ဆန့်ကျင်တဲ့ ဟူသီအဖွဲ့အနေနဲ့ အသံထက်ပိုမြန်တဲ့ ဒုံးကျည်ပိုင်ဆိုင်ထားတာဟာ တကယ်ဖြစ်လာမယ်ဆိုပါက ပင်လယ်နီမှာ သူတို့အဖွဲ့ရဲ့ အန္တရာယ်တွေ ပိုများလာမှာပါ။

ဒီသတင်းကို ရုရှားသတင်းဌာန RIA Novosti က အမည်ဖော်ပြမထားတဲ့ အရာရှိတစ်ဦးကို ကိုးကားရေးသားထားတာဖြစ်ပြီး အထောက်အထားကိုလည်းဖော်ပြထားတာတော့မရှိပါဘူး။

ယူကရိန်းကိုကျူးကျော်တိုက်ခိုက်နေချိန် ရုရှားက အနောက်တိုင်းကို ဆန့်ကျင်ပြီး ရန်လိုနေချိန်မှာ ဒီသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

ဟူသီအဖွဲ့ဟာ ပင်လယ်နီကို ဖြတ်သန်းနေတဲ့ သင်္ဘောတွေအား ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်နေသလို ပင်လယ်နီမှာချထားတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကို အံဩသွားလောက်အောင် တိုက်ခိုက်မယ်လို့လည်း ကြုံဝါးထားတာပါ။

ဟူသီအဖွဲ့ထိပ်တန်းခေါင်းဆောင် အဗဒူလာ မာလစ်အယ်လ်ဟိုသီက အာဖရိကတောင်ဘက်စွန်း အငူသို့ ဦးတည်သွားတဲ့ သင်္ဘောတွေကို တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်း မတ် ၁၃ ရက်နေ့က ပြောပါတယ်။

အခုချိန်ထိတော့ ဟူသီအဖွဲ့ဟာ ပင်လယ်နီကနေ ဆူးအက်တူးမြောင်းဆီကို ဦးတည်ခုတ်မောင်းတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒီအတောအတွင်း အီရန်နဲ့ အမေရိကန်တို့ အိုမန်မှာ တိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ တီဟီရန်ရဲ့ နျူကလီးယား ရည်မှန်းချက် အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေမှုနဲ့ သူ့ရဲ့ ကိုယ်စား လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ခိုင်းနေတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ပထမဆုံး ဆွေးနွေးမှုဖြစ်ပါတယ်။

ဟူသီအဖွဲ့ကို အဓိက ထောက်ပံ့နေတဲ့ အီရန်က ဒုံးကျည်တွေအပါအဝင် လက်နက်တွေအပြင် ငွေကြေးတွေကိုပါ ထောက်ပံ့ပေးနေတာပါ။

အသံထက်မြန်တဲ့ ဒုံးကျည်ပိုင်ဆိုင်ထားတာဟာ ရုရှားနဲ့ အမေရိကန်အပါအဝင် လက်တစ်ဆုပ်စာပဲ ရှိတာကြောင့် ရုရှားက ဟူသီအဖွဲ့ကို ပေးပို့လိုက်တာဖြစ်တယ်လို့လည်း ယူဆတာတွေရှိနေပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.