ကျိုက်မရော ၊ မတ် ၁၆

အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်ဆိုတဲ့ မွန်ပြည်သစ်ပါတီ AD က ကြေညာချက်ထုတ်ပြီး တစ်လပြည့်မှာ ကျိုက်မ‌ရောနဲ့ မုဒုံမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေကို နေရာနှစ်ခုမှာ တိုက်ခိုက်ခဲ့တယ်လို့ ပါတီက အသိပေးထုတ်ပြန်ပါတယ်။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD ဟာ မတ် ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်က ကျိုက်မရောမြို့နယ်ရှိ ကြံတောကျေးရွာမှာ အခြေချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။

ကျိုက်မရောဖြစ်စဉ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၅ နဲ့ ၂၀ ကြား အထိုင်ချထားတဲ့ စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ မွန်ပြည်သစ်ပါတီ AD ပြောခွင့်ရ နိုင်ဗညားမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျိုက်မရောမှာတော့ ကြံတောနား ကြာအင်းကွေ့ချောင်းအနားမှာရှိတဲ့ ရန်သူလူအင်အား ၁၅ နဲ့ ၂၀ ကြားမှာ အထိုင်ချထားတဲ့စခန်းကို ကျွန်တော်တို့ ဝင်ရောက်ပစ်ခတ်တာဖြစ်တယ်။ ရန်သူက လက် နက်ကြီးနဲ့ ပြန်ပစ်တဲ့အခါမှာ တောင်ကလေးမှာရှိတဲ့ MUP ရုံးကို‌တော့ ထိသွားတယ်၊ ပျက်စီးသွားတယ်လို့ ကျွန်တော်တို့ သတင်းရရှိပါတယ် ခင်ဗျာ”လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီနေ့ ညနေ ၆ နာရီမှာလည်း မုဒုံမြို့နယ် ရေး-မော်လမြိုင် ကားလမ်းမကြီးရှိ ကွမ်လှာနဲ့ ရောင်း ဒေါင်းကျေးရွာကြားမှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေရဲ့ ယာဉ်တန်းကို မွန်ပြည်သစ်ပါတီ AD က ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ဗညားမွန်က “မနေ့က ၆ နာရီဝန်းကျင်မှာ ကွမ်လှာကနေ ပြန်လာတဲ့ ရဲမှူးကြီးကားနှစ်စီးကို ကျွန် တော်တို့တပ်ဖွဲ့က မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်တာ ဖြစ်တယ်။ အဲဒီပစ်ခတ်မှုအပေါ် ရဲတွေက အ ကုန်လုံးထွက်ပြေးပြီးတော့ ကျွန်တော်တို့ကားနှစ်စီးနဲ့ MA1 (သေနတ်) တစ်လက်ကို သိမ်းဆည်းရမိတယ်။ ကားနှစ်စီးကို ကျွန်တော်တို့ တပ်ဖွဲ့က မီးရှို့ဖျက်ဆီးလိုက်တယ်။ MA1 နဲ့ အခြားစစ်အသုံး အဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိတယ်”လို့ ဆိုပါတယ်။

ကျိုက်မရောနဲ့ မုဒုံမြို့က မွန်ပြည်သစ်ပါတီ AD ရဲ့ တိုက်ခိုက်ရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ဒဏ်ရာရရှိမှုကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ နိုင်ဗညားမွန်က ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ မုဒုံမြို့နယ်၊ ကမာဝက်ရဲစခန်းမှူးအဖွဲ့တို့ သံဖြူဇရပ်ကနေအပြန် ကွမ်လှာနဲ့ ရောင်းဒေါင်းရွာကြား မွန်ခွဲထွက်အဖွဲ့က ဆွဲမိုင်းနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနောက်ပိုင်း သံဖြူဇရပ်တပ်နယ်ကနေ စစ်ကူလိုက်လာတဲ့အတွက် မွန်ပြည်သစ်ပါတီ AD ဘက်က ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတဲ့အတွက် ကားကို မီးရှိုးဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ AD ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူး ပေါင်းပြီး အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ကြေညာခဲ့တာပါ။

မတ်လဆန်းမှာတော့ မုဒုံမြို့နယ် ကျေးရွာတချို့ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်း ဆောင်သုံးဦးကို ဖမ်းဆီးပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းခဲ့သလို မတ် ၄ ရက်နေ့မှာလည်း မဟာမိတ်တပ်တွေနဲ့အတူ ကျိုက်မရောအကျဉ်းထောင်ကို Dropped ဗုံးချ တိုက်ခိုက်ရာမှာ ပူး ပေါင်းပါဝင်ခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီ AD အနေနဲ့ မတ် ၁၃ ရက်နေ့ကလည်း ညနေ ၄ နာရီခွဲနဲ့ ည ၈ နာရီမှာ ဒေသတွင်းရှိ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး ခလယ်တံခွန်တိုင်မှာအခြေချထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပါတီက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP-AD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.