မော်လမြိုင် ၊ မတ် ၁၆

မွန်ပြည်နယ်မှာ လာမယ့်ဧပြီလအတွင်း ကျရောက်မယ့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ သင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

အဲဒီအစည်းအဝေးမှာ မွန်ပြည်နယ်အတွင်း သင်္ကြန်ပွဲတော်ကို အနှစ်သာရရှိရှိနဲ့ စည်ကားသိုက်မြိုက်စွာ လုပ်ဆောင်ဖို့၊ ကဏ္ဍအလိုက် ကြိုတင်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေနဲ့ အစီအစဉ်တွေကို စနစ် တကျ ရေးဆွဲဖို့ စစ်ကောင်စီခန့် ဝန်ကြီးချုပ်က ညွှန်ကြားခဲ့တာပါ။

ဒေသခံတစ်ဦးကတော့ စစ်ကောင်စီက မနှစ်ကလည်း သင်္ကြန်ပွဲတော် စည်ကားအောင် လုပ်ဆောင်မယ်လို့ ပြောပေမယ့် စည်ကားမှုမရှိခဲ့သလို ဒီနှစ်မှာလည်း ဒေသခံတွေအနေနဲ့ စိတ်ဝင်စားမှု မရှိတာကြောင့် စည်ကားဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“မနှစ်ကလည်း သူတို့စည်အောင် လုပ်မယ်လို့တော့ ပြောတာပဲ။ အဲဒီလိုမျိုး ဒါပေမယ့် မစည်မှမစည်တာ။ ဒီမြို့ထဲမှာလေ သင်္ကြန်ရေပြွတ်တို့ ဘာတို့ရောင်းတဲ့ဆိုင်တွေဆို အကုန်ကျန်တာ မနှစ်ကရော၊ ဟို့တစ်နှစ်ကရောပေါ့။ ပြီးသွားတော့ သင်္ကြန်ပြီးတဲ့ထိ အဲဒီဆိုင်တွေက ဒီအတိုင်းပဲ ချိတ်ထားတာတွေ့တယ်။ စည်ကားဖို့ မဖြစ်နိုင်ဘူးလို့တော့ ထင်တာပဲ”လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ်ကလည်း သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့အတွက်ဆိုပြီး လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကို ခေါ်ယူကာ မဖြစ်မနေမဏ္ဍပ်ဆောက် လုပ်ခိုင်းတာနဲ့ ငွေ ကြေးအလှူခံတာတွေ ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ဖိအားကြောင့် ပြီးခဲ့တဲ့နှစ်က မဏ္ဍပ်တချို့ ရှိခဲ့ပေမယ့် သွားရောက်ရေကစားသူ မရှိသလောက် နည်းပါးတဲ့အတွက် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတချို့ကို အပြင်ဝတ်စုံတွေနဲ့ မဖြစ်မနေလာခိုင်းကာ စည်ကားတဲ့ ပုံစံဖန်တီးခဲ့တာပါ။

အလားတူ နေပြည်တော်၊ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ စစ်ကောင်စီဘက်က ညွှန်ကြားတာတွေရှိနေပြီး သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်နိုင်တယ်လို့ အသိပေးကြေညာထားပါတယ်။

မွန်ပြည်နယ်မှာ သင်္ကြန်ပွဲတော်ရောက်တိုင်း ထိုင်းနိုင်ငံအပါအဝင်ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ လူငယ်တွေဟာ နေရပ်ပြန်ပြီး ပါဝင်ဆင်နွှဲတာတွေ ရှိနေမယ့် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြန်လာမယ့်သူမရှိကြဘူးလို့ ရွှေ့ပြောင်းအလုပ်သမားတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.